
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ထုတ်ကုန်များလုံခြုံ စိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြရေးအတွက် ဈေးကွက်မရောက်မီကုန်စည်နှင့် ဈေးကွက်ရောက်ပြီးကုန်စည်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးဦးဆောင်၍ ရွှေဘိုမြို့နယ်တာဝန်ခံ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံနှင့် စားသုံးသူရေးရာဌာနခွဲတာဝန်ခံတို့သည် (၁၄.၈.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရွှေဘို မြို့၊ အမှတ်(၂)ရပ်ကွက်၊ ရေဦးလမ်းထွက်ရှိ ဈေးကွက်မရောက်မီကုန်စည်ဖြစ်သည့် အောင်တံခွန် အမှတ်တံဆိပ် ပေါင်မုန့်၊ ကိတ်မုန့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့်လုပ်ငန်းအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။
ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဒု-ခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းအကြောင်းများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)ပါအကြောင်းများ ဆွေးနွေးပြီး လုပ်ငန်းရှင်အနေဖြင့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် ကုန်စည်အမျိုးအမည်အလိုက် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာ ထည့်သွင်းဖော်ပြထားသည့် တံဆိပ်များကိုသာ အသုံးပြုပြီးရောင်းချရန်၊ အသင့်စားမုန့်အမျိုးမျိုးတွင် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓါတ်မတည့်ကြောင်းဖော်ပြချက်တို့ကို မြန်မာဘာသာ ဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့မဟုတ်)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြရမည့်အကြောင်းများ၊ စားသုံးသူများသာမက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနမှဆောင်ရွက်နေသော လုပ်ငန်းများကိုသိရှိလိုပါက ရုံးဖွင့်ရက်ရုံးချိန်အတွင်း Consumer Call Center No 1535သို့ ဆက်သွယ် မေးမြန်းနိုင်သည့်အကြောင်းများ၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း မှတ်ပုံတင်လက်မှတ် လျှောက်ထားခြင်းနှင့်ပတ်သက်၍ သိကောင်းစရာများ အသိပညာပေးဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)