
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အင်္ဂပူမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင်ပြုလုပ်သည့် ၂၀၂၅-၂၀၂၆ခုနှစ်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးသီးနှံစိုက်ပျိုးသည့်တောင်သူများအား သွင်းအားစု ဓာတ်မြေ ဩဇာများပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က၂၀၂၂-၂၀၂၃ မှစ၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တောင်သူများအား သွင်းအားစုဓာတ်မြေဩဇာများ ပေးအပ်လျက်ရှိပြီး တိုင်းဒေသကြီးအနေဖြင့် မိုးစပါးအပါအဝင် သီးနှံစုံပန်းတိုင်အထွက်နှုန်းရောက်ရှိရေးအတွက် နှစ်စဉ်တောင်သူလယ်သမားနေ့တွင် တောင်သူများနှင့် ဆွေးနွေးပွဲများပြုလုပ်၍ ရည်မှန်းချက်များချမှတ်ကာ ရလာဒ်များ ဖော်ထုတ်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုနှစ်သည် မိုးစပါးပန်း တိုင်အထွက်နှုန်း တစ်ဧက တင်း(၁၀၀) ပြည့်မီအောင် ရောက်ရှိရမည့်နှစ် ဖြစ်ပါကြောင်းနှင့် သီးနှံစုံပန်းတိုင်အထွက်နှုန်း ရောက်ရှိရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တောင်သူကြီးများအား နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် သွင်းအားစုများပေး အပ်လျက်ရှိသည့်အပြင် နိုင်ငံ့စီးပွား မြှင့်တင်ရေးအစီအစဉ်တွင် အကျုံးမဝင်သည့် တောင်သူများကိုလည်း သွင်းအားစုများ တိုက်ရိုက်သက်သာစွာ ဖြန့်ဖြူးပေးသွား မည်ဖြစ်ပါကြောင်း၊ တောင်သူကြီးများအနေဖြင့် တိုင်းဒေသကြီး၏ မိုးစပါး ပန်းတိုင်အထွက်နှုန်းရောက်ရှိရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးရန်နှင့် မျိုး/မြေ/ရေ/နည်း မှန်ကန်စွာစိုက်ပျိုး၍ အရည်အသွေးကောင်းမွန်သော စပါးများ အထွက်တိုးအောင်ဆောင်ရွက်ရန် ပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ တောင်သူများအား သွင်းအားစုဓာတ်မြေဩဇာများပေးအပ်ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင်ပြုလုပ်သည့် အကြမ်းဖက် ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာ ပြည်သူများအား အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာ လာသူများတွင် ကျောင်းနေအရွယ်ကလေးများအားလုံး ရာနှုန်းပြည့်ကျောင်းတက်ရောက် နိုင်ရေးအတွက် တာဝန်ရှိသူအားလုံးက ပူးပေါင်းဆောင်ရွက်ရန်လိုပါကြောင်း၊ နေရပ်စွန့်ခွာ ပြည်သူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း ပညာရေး၊ ကျန်းမာရေး ကိစ္စရပ်များနှင့် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဒေသခံပြည်သူများကလည်း လက်တွဲညီညီပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ယာယီနေရပ်စွန့်ခွာသူများ အနေဖြင့် ဧည့်စာရင်းတိုင်ကြားခြင်း၊ ရောက်ရှိ/ထွက်ခွာ သတင်းပေးပို့ခြင်းနှင့် အုပ်ချုပ်ရေးအဖွဲ့များမှ စာရင်းဇယားများမှန်ကန်မှုရှိစေရေး စနစ်တကျမှတ်တမ်းများဖြင့်ဆောင်ရွက်သွားရန်မှာကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာ ပြည်သူများအား လူဦးရေစာရင်း ကောက်ယူခြင်းနှင့် ထောက်ပံ့ငွေပေးအပ်နေမှုများ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှုများ ကြည့်ရှုအားပေးခဲ့သည်။
DOCA(ဧရာဝတီ)