
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူးကျေးရွာ၊ တောင်သူဒေါ်ရီရီမြင့်၏ စိုက်ဧက(၃)ဧကတွင် ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးစပါးစိုက်ပျိုးပြီးစီးမှု ထွန်တုံးပိတ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတောင်သူများ နှင့်အတူ တက်ရောက်ကြည့်ရှု အားပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူးကျေးရွာ၊ တောင်သူဒေါ်ရီရီမြင့်၏ စိုက်ဧက(၃)ဧကတွင် ပေါ်ဆန်းရင်စပါးမျိုးအား ကောက်စိုက် လုံမေများနှင့် ထွန်တုံးပိတ်စိုက်ပျိုးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကောက်စိုက်လုံမေများအား စားသောက်ဖွယ်ရာများနှင့် ဖျော်ဖြေရေးအဖွဲ့များကို ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တောင်သူများနှင့်တွေ့ဆုံ၍ တိုင်းဒေသကြီးအနေဖြင့် မိုးစပါးစိုက်ဧက(၃၇)သိန်း (၅)သောင်းကျော်အား စိုက်ပျိုးဆောင်ရွက်လျက်ရှိရာ ယခုနှစ်သည် မိုးစပါးပန်းတိုင်အထွက်နှုန်း တင်း ၁၀၀ ပြည့်ဝအောင်ရောက်ရှိရမည့်နှစ်ဖြစ်ပါကြောင်းနှင့် သီးနှံစုံပန်းတိုင်အထွက်နှုန်း ရောက်ရှိရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တောင်သူကြီးများအား နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် သွင်းအားစုများပေးအပ်လျက်ရှိသည့်အပြင် နိုင်ငံ့စီးပွား မြှင့်တင်ရေး အစီအစဉ်တွင် အကျုံးမဝင်သည့်တောင်သူများကိုလည်း သွင်းအားစုများ တိုက်ရိုက်သက်သာစွာ ဖြန့်ဖြူးပေးသွားမည်ဖြစ်ပါကြောင်း၊ တောင်သူကြီးများအနေဖြင့် တိုင်းဒေသကြီး၏ မိုးစပါးပန်းတိုင်အထွက်နှုန်း ရောက်ရှိရေး အတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးရန် ဆွေးနွေးပြောကြားကာ တောင်သူများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
(DOCA ဧရာဝတီ)