
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်၊ မြို့မ(၄)ရပ်ကွက်ရှိ ဂျုံးဂျုံးကျတောရကျောင်း စာသင်တိုက်တွင် ၁၇.၈.၂၀၂၅ ရက်နေ့ နံနက် (၈း၀၀) နာရီက ကရင်ရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
ရှေးဦးစွာ ဂျုံးဂျုံးကျတောရကျောင်းတိုက် ဆရာတော် ဉူးကိတ္တိဝဏ္ဏနှင့် ဧည့်ပရိသတ် များက အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ စတင်ဖွင့်လှစ်ခဲ့ပြီး ကရင်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားဖြစ်မြောက်ရေး ဦးစီးပဓာန နာယက မြို့နယ်သံဃ နာယကအဖွဲ့ ဥက္ကဋ္ဌ ဂျုံးဂျုံးကျတောရကျောင်း ဆရာတော်ကြီးထံမှ မြို့နယ်တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး မိုးဝင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က ငါးပါးသီလခံယူဆောက်တည်သည်။ ထို့နောက် နာယက ဆရာတော်ကြီးများနှင့် သံဃာတော်အရှင်သူမြတ်များအား တာဝန်ရှိသူများ က လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့သည်။ ယင်းနောက် ကရင်တိုင်းရင်းသား သက်ကြီးပုဂ္ဂိုလ်များက ဧည့်သည် တော်များ၊ ကရင်မျိုးဆက်သစ် မောင်မယ်များ၊ ကလေးငယ်များကို ချည်ဖြူဖွဲ့ပေးကာ၊ စီးပွားရေး၊ လူမှုရေးနှင့် ကျန်းမာရေး တိုးတက်ကောင်းမွန်စေရန် လိပ်ပြာဖွဲ့ ဆုတောင်းခြင်း၊ ကရင်မောင်မယ်များက သီချင်းဖြင့် သီဆိုကပြဖျော်ဖြေပေးခဲ့သည်။
အဆိုပါ ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကို ကရင်တိုင်းရင်းသားများ အချင်းချင်း စည်းလုံးညီညွတ်စွာ ချစ်ချစ်ခင်ခင် နေထိုင်ရန်၊ ကွဲကွာနေသောဆွေမျိုးများ မိသားစုများ ပြန်လည်တွေ့ဆုံ စုစည်းနိုင်ရန်၊ ကရင်အမျိုးသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ရရှိစေရန်၊ မျိုးဆက်သစ်လူငယ်များအနေဖြင့် လူကြီးများ၏ သွန်သင်ဆုံးမစကားများ နာယူနိုင်ရန်၊ ရိုးရာယဥ်ကျေးမှုဖြစ်သည့် စကား၊ စာပေ၊ အနုပညာ၊ ဝတ်စားဆင်ယင်မှုနှင့် ရိုးရာဓလေ့များ မပျောက်ပျက်စေရန် ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။
DOCA (မွန်)