
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၄ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အမျိုးသမီးကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်)ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်း လွဲပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအားကစားခန်းမတွင်ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ တက္ကသိုလ်ကျောင်းသား၊ကျောင်းသူများ၊ ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းဖြင့် ဦးနှောက် သွေးလည်ပတ်မှု အားကောင်းစေပြီး မှတ်ဉာဏ်စွမ်းရည်များ အထူးကောင်းမွန် လာမည်ဖြစ်ပါကြောင်း၊ ကြွက်သား၊ အရိုး၊ အကြောနှင့် အသက်ရှူလမ်းကြောင်းများ ကျန်းမာသန်စွမ်းခြင်း စသည့် ကောင်းကျိုးများ ရရှိလာမည်ဖြစ်ရာ အေရိုးဗစ် အားကစားနည်းသ ည် လူတိုင်းအတွက် အကျိုးရလာဒ် ကောင်းများခံစားရမှာဖြစ်သည့် အတွက် နေ့စဉ်ပြု လုပ်ကြရန်လိုအပ်ပါကြောင်း၊ လာရောက်ကြည့်ရှုသူများအနေဖြင့်လည်း ကျန်းမာရေးအသိပညာ၊ ဗဟုသုတများရရှိပြီး ကျန်းမာသော ပတ်ဝန်းကျင်ဖြစ်အောင် စည်းရုံးဆောင်ရွက်သွား စေလိုပါကြောင်း၊ ခရိုင်ပေါင်းစုံအမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း(အေရိုးဗစ်) ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ကြသည့် အသင်းများသည် သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းနဲ့အညီ ယှဉ်ပြိုင်ကြရန်၊ မိမိတို့၏စည်းလုံးမှု၊ ညီညွတ်မှုများကို ပြသကြရန်နှင့် မိမိတို့ အားကစားနည်းဖြင့် ခရိုင်၏ဂုဏ်ကို မြှင့်တင်ပေးနိုင်သူများ ဖြစ်ကြပါစေကြောင်း တိုက်တွန်းပြောကြားပြီး ၂ဝ၂၅ ခုနှစ် ၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း (အေရိုးဗစ်)ပြိုင်ပွဲအားဖွင့်လှစ်ပေးသည်။
ဆက်လက်၍ စစ်ကြောင်းမှူးဦးဆောင်သည့် ပြိုင်ပွဲဝင်အသင်းများက ဝန်ကြီးချုပ်အား အလေးပြုခြင်းနှင့် အားကစားသစ္စာအဓိဌာန် (၄)ချက်အားရွတ်ဆိုခြင်းများကို ဆောင်ရွက် ခဲ့ကြပြီး ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ပြိုင်ပွဲဝင်အသင်းများ၏ ယှဉ်ပြိုင်နေမှုများကိုကြည့်ရှုအားပေးခဲ့သည်။ ၂၀၂၅ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အမျိုးသမီး ကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်)ပြိုင်ပွဲကို ယနေ့မှစ၍ နှစ်ရက်ကြာပြုလုပ်သွား မည်ဖြစ်သည်။
DOCA (ဧရာဝတီ)