Main menu

အိန္ဒိယ၏ ဆန်တန်ချိန် သန်း ၂၀ ဖြန့်ဖြူးမည့် အစီအစဉ်အပေါ် ထိုင်းတောင်သူများ စိုးရိမ်

Powered by Drupal

     ကမ္ဘာ့အကြီးဆုံး ဆန်တင်ပို့သူဖြစ်သည့် အိန္ဒိယသည် သိုလှောင်ထားသော ဆန်တန်ချိန် သန်း ၂၀ ခန့်ကို စက်တင်ဘာလအတွင်း ထုတ်ရောင်းရန် ပြင်ဆင်နေကြောင်း သတင်းများ ထွက်ပေါ်ပြီးနောက် ကမ္ဘာ့ဆန်ဈေးကွက် လှုပ်လှုပ်ရှားရှား ဖြစ်လာခဲ့သည်။

          အဆိုပါ လုပ်ဆောင်မှုသည် အိန္ဒိယအစိုးရက ပြည်တွင်းရှိ လယ်သမားများထံမှ ကောက်ပဲ သီးနှံအသစ်များ ဝယ်ယူရန် ပြင်ဆင်မှုနှင့်အတူ ရိတ်သိမ်းရာသီသစ်အတွက် သိုလှောင်နိုင်မည့် နေရာများ ရှင်းလင်းထားရှိနိုင်ရန် ရည်ရွယ်စီစဉ်နေခြင်းဖြစ်သည်။ သတင်းများအရ အိန္ဒိယနိုင်ငံ သည် သိုလှောင်ထားရှိသော အရန်ဆန်များကို အီသနောထုတ်လုပ်ရေးအတွက် အသုံးပြုရန်၊ ယင်း၏တစ်စိတ်တစ်ပိုင်းကို ဆင်းရဲနွမ်းပါးသူများထံ ဖြန့်ဝေရန်နှင့် ကမ္ဘာ့ဈေးကွက်ရှိ နိုင်ငံတကာ ကုန်သည်များထံ ရောင်းချရန် ရည်ရွယ်ထားကြောင်း သိရသည်။

          အိန္ဒိယ၏ ထိုကဲ့သို့ လုပ်ဆောင်မှုသည် ထိုင်းပြည်တွင်း၌ စပါးဈေးကျဆင်းခြင်းနှင့် ထိုင်း လယ်သမားများအပေါ် ကြီးမားသောဖိအား ဖြစ်စေနိုင်ကြောင်း ထိုင်းစိုက်ပျိုးရေးလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ Pramote Charoensilp က Thansettakij  သတင်းစာတိုက်သို့ ပြောကြားခဲ့သည်။ လက်ရှိကာလတွင် ထိုင်းနိုင်ငံ၏ နွေစပါးသီးနှံရာသီမှ ၈၀ ရာခိုင်နှုန်းခန့်ကို ရိတ်သိမ်းပြီးစီးဖြစ်ပြီး အချို့နေရာများတွင် ပြန်လည်စိုက်ပျိုးနေကြကြောင်း ၎င်းက ပြောဆိုခဲ့သည်။

          ထိုင်းနိုင်ငံ၏ အဓိကရာသီစပါး ရိတ်သိမ်းမှုသည် ပုံမှန်အားဖြင့် အောက်တိုဘာလလယ်တွင် စတင်ပြီး ဒီဇင်ဘာလနှောင်းပိုင်းအထိ ဆက်လက်ထွက်ရှိကြောင်း၊ ထို့နောက် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတွင် အလင်းရောင်ရရှိသည့်ကာလကို အာရုံခံစားမှုမရှိသော  ရာသီမရွေး စိုက်ပျိုးနိုင် သည့် စပါးမျိုးကွဲများ (photoperiod-insensitive varieties) မှ နောက်ထပ်ရိတ်သိမ်းထွက်ရှိမှုကို မျှော်မှန်းနိုင်ကြောင်း၊ ရာသီပြင်ပ စပါးစိုက်ပျိုးမှုမှ သီးနှံများကို ပုံမှန်အားဖြင့် မတ်လနှင့် ဧပြီလများ တွင်သာ ရိတ်သိမ်းလေ့ရှိကြကြောင်း သိရှိရသည်။

          သို့သော် အယုဒ္ဓယဒေသတွင် ရိတ်သိမ်းခြင်း မပြုရသေးသော လယ်ကွင်းများမှာ ရေနစ် မြုပ်နေပြီး  ရေကြီးရေလျှံမှုအပေါ် စိုးရိမ်မှုများရှိနေကြောင်း အသင်းမှ ထုတ်ဖော်ပြောဆိုခဲ့သည်။ လယ်သမားများသည် ရေကြီးခြင်းဘေးအန္တရာယ်မှ လွတ်ကင်းရန် ရင့်မှည့်ချိန်မတိုင်မီ စပါးများကို ရိတ်သိမ်းခဲ့ရဖြင့် သီးနှံအရည်အသွေးကျဆင်းပြီး ဈေးနှုန်းများနိမ့်ကျသည့် အကျိုးရလဒ်ကိုဖြစ်ပေါ် စေခဲ့သည်။

          လယ်သမားများ ရိတ်သိမ်းချိန်ပိုမိုရရှိစေပြီး သီးနှံပျက်စီးမှု အနည်းဆုံးဖြစ်စေရန်အတွက် စပါးစိုက်ခင်းများသို့ ရေလွှဲခြင်းကို နှောင့်နှေးကြန့်ကြာအောင် ဆောင်ရွက်ရန် သို့မဟုတ် ပိုလျှံ နေသောရေများကို တတ်နိုင်သမျှ စုပ်ထုတ်ဖယ်ရှားပေးရန် ထိုင်းတော်ဝင်ဆည်မြောင်းဦးစီးဌာန သို့ အဆိုပါ တောင်သူလယ်သမားအသင်းက တိုက်တွန်းထားကြောင်း သိရပါသည်။

Source: The Nation Thailand, 25 August 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)