Main menu

မဟာရဋ္ဌပြည်နယ်၌ မိုးသည်းထန်မှုက သီးနှံစိုက်ဧက သိန်း ၂၀ ကျော် ထိခိုက်ပျက်စီးစေ

Powered by Drupal

   အိန္ဒိယနိုင်ငံတောင်ပိုင်းရှိ မဟာရဋ္ဌပြည်နယ်တွင် ဩဂုတ် ၉ ရက်နေ့မှ ၁၉ ရက်နေ့အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ခရိုင်ပေါင်း ၁၉ ခု၌ စိုက်ပျိုးထားသော မိုးသီးနှံစိုက်ဧရိယာ ဧကသိန်း ၂၀ ကျော်ကို ထိခိုက်ပျက်စီးမှုဖြစ်ပေါ်စေခဲ့သည်ဟု အဆိုပါပြည်နယ် စိုက်ပျိုးရေးဦးစီး ဌာနက ကနဦးခန့်မှန်းချက်ထုတ်ပြန်ရာတွင် ဖော်ပြခဲ့သည်။

    မဟာရဋ္ဌပြည်နယ် စိုက်ပျိုးရေးဝန်ကြီး Dattatreya Bharne က ပြည်နယ်အတွင်း မိုးသည်း ထန်မှုကြောင့် သီးနှံစိုက်ဧက ၂၀.၁ သိန်း ထိခိုက်ပျက်စီးခဲ့ရာတွင် Marathwada ဒေသရှိ Nanded ခရိုင်သည် ဟက်တာ ၂.၅ သိန်း (ဧက ၇.၁ သိန်း) ဖြင့် ထိခိုက်မှုအများဆုံးဖြစ်ကြောင်း၊ ၎င်း၏ နောက်၌ Vidarbha ဒေသရှိ Washim ခရိုင်သည် သီးနှံဟက်တာ ၁.၆ သိန်း (ဧက ၄.၁ သိန်း) ထိခိုက်မှုရှိကြောင်း၊ မည်သည့်သီးနှံများ မည်မျှထိခိုက်ပျက်စီးသည်ကို ဆန်းစစ်မှုများ လုပ်ဆောင် နေဆဲဖြစ်ပြီး အစီရင်ခံတင်ပြချက်များ လက်ခံရရှိသည်နှင့် တစ်ပြိုင်နက် နစ်နာဆုံးရှုံးမှုအပေါ် ထောက်ပံ့မှုများ ပေးအပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    အဆိုပါ ဒေသများ၌ အဓိက ထိခိုက်ပျက်စီးသော သီးနှံများမှာ ဝါ၊ ပဲပုပ်၊ ပဲစင်းငုံ၊ မတ်ပဲနှင့် ပြောင်းတို့ဖြစ်ကြသည်။ Marathwada ဒေသအတွင်း Hingoli ခရိုင်တွင် သီးနှံစိုက်ပျိုးမှု ဧရိယာ ဟက်တာ ၄၀၀၀၀၊ Dharashiv ခရိုင်၌ ဟက်တာ ၂၈၅၀၀ နှင့် Parbhani ခရိုင်တွင် ၂၀၂၂၅ ဟက် တာ အသီးသီး ထိခိုက်မှုရှိကြောင်း၊ Vidarbha ဒေသ၌ မိုးသီးနှံများစိုက်ပျိုးထားရှိမှုမှ Yavatmal ခရိုင်တွင် ၈၀၉၆၉ ဟက်တာ၊ Buldhana ခရိုင်၌ ၇၄၄၀၅ ဟက်တာနှင့် Akola ခရိုင်တွင် ၄၃၇၀၃ ဟက်တာ အသီးသီး ပျက်စီးမှုရှိမည်ဟု ခန့်မှန်းထားကြောင်း၊ မဟာရဋ္ဌပြည်နယ် အနောက်ပိုင်းရှိ Solapur ခရိုင်တွင် သီးနှံ ၄၁၄၇၂ ဟက်တာနှင့် ပြည်နယ်မြောက်ပိုင်းရှိ Jalgaon ခရိုင်၌ ၁၂၃၂၇ ဟက်တာတို့သည်လည်း ရေလွှမ်းမိုးနစ်မြုပ်မှုဒဏ်ခံခဲ့ရကြောင်း သိရှိရသည်။

   Vidarbha ဒေသ လူမှုကူညီရေးအသင်း (Vidarbha Jan Andolan Samiti) မှ လယ်သမား ခေါင်းဆောင်တစ်ဦးဖြစ်သော Kishor Tiwari က ဝါနှင့် ပဲပုပ် သီးနှံစိုက်ခင်းများတွင် အဖူးအပွင့်များ ထွက်ရှိပြီး အပင်ကြီးထွားသည့်အချိန်၌ မိုးသည်းထန်ပြီး ရေလွှမ်းမိုးမှုများကြောင့် အထူးသဖြင့် လယ်ယာလုပ်ငန်း အကျပ်အတည်းနှင့် ရင်ဆိုင်နေခဲ့ရသည့် Vidarbha နှင့် Marathwada ဒေသများရှိ တောင်သူများသည် ကြီးစွာသော ပျက်စီးဆုံးရှုံးမှုကို ကြုံတွေ့နေရကြောင်း၊ အမေရိကန်နိုင်ငံ၏ သွင်းကုန်အခွန် ၅၀ ရာခိုင်နှုန်း ကောက်ခံမည့်အစီအစဉ်ကြောင့် အိန္ဒိယပို့ကုန်များအပေါ် သက်ရောက်မှုက ဒေသခံ ဝါစိုက်တောင်သူများအတွက် အကျပ်အတည်းဖြစ်စေခဲ့ကြောင်း၊ ယခုအခါ ဗဟိုအစိုးရသည် ဝါသွင်းကုန်အပေါ် အခွန် ၁၁ ရာခိုင်နှုန်း လျှော့ချခဲ့ရာ ပြည်တွင်းဈေးကွက်အတွင်း တောင်သူများ၏ ထုတ်ကုန်အပေါ် ဝယ်လိုအား လျော့ကျမှုဖြစ်စေပြီး ဘူးလေးရာဖရုံဆင့် ဖြစ်ပေါ်စေလျက်ရှိကြောင်း ပြောဆိုခဲ့သည်။

Source: The Times of India, 20 August 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)