
ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ်၊ ပထမခြောက်လအတွင်း ကန်ဒေါ်လာ ၁,၁၄၈ သန်း တန်ဖိုးရှိ မော်တော်ယာဉ်များတင်သွင်းခဲ့ပြီး ၂၀၂၄ ခုနှစ် အလားတူကာလက ကန်ဒေါ်လာ ၇၆၉ သန်းထက် ၄၉ ရာခိုင်နှုန်း တိုးလာကြောင်း ကမ္ဘောဒီးယား အကောက်ခွန်နှင့် ကုန်စည်စီးဆင်းမှု ဦးစီးဌာန (GDCE) ၏ အစီရင်ခံစာအရ သိရသည်။ တင်သွင်းမှုတွင် မိသားစုကားများ၊ ထရပ်ကားများ၊ ဘတ်စ်ကားများ နှင့် မော်တော်ကားဆက်စပ်ပစ္စည်းများ ပါဝင်ကြောင်း အစီရင်ခံစာတွင်ဖော်ပြထားသည်။ မိသားစုသုံးကားများ တင်သွင်းမှု ပမာဏသည် ဒေါ်လာ ၄၈၇ သန်းရှိပြီး ယမန်နှစ် အလားတူကာလက ကန်ဒေါ်လာ ၂၉၂ သန်းမှ ၆၆ ရာခိုင်နှုန်း တိုးလာခဲ့ သည်။ ကမ္ဘောဒီးယားနိုင်ငံ၊ ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ(CDC) ၏ ဥက္ကဌ-၁ Sun Chanthol က ကမ္ဘောဒီးယားနိုင်ငံသည် ဒေသတွင်းနှင့် ကမ္ဘာ့စျေးကွက်နှစ်ခုလုံးအတွက် မော်တော်ယာဉ် အစိတ်အပိုင်းများနှင့် အီလက်ထရွန်နစ်ပစ္စည်းထုတ်လုပ်ရေးတို့အတွက် အဓိကအချက်အချာ ကျသည့် နေရာတစ်ခုအဖြစ် အသွင်ပြောင်းရန် ရည်မှန်းထားကြောင်း ထုတ်ပြန်ထားသည်။ ၂၀၂၄ ခုနှစ်တွင် အဆိုပါကဏ္ဍတွင် ခန့်မှန်းခြေအားဖြင့် ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၇၄၆ သန်းကို ရရှိခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ ကမ္ဘောဒီးယားနိုင်ငံ၌ လက်ရှိတွင် Ford၊ Toyota၊ Hyundai နှင့် Isuzu အပါအဝင် မော်တော်ယာဉ် တပ်ဆင်သည့် စက်ရုံများစွာရှိသည်။
DOCA(ရန်ကုန်)