
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ Nanjing Xinyada နည်းပညာကုမ္ပဏီသည် ကမ္ဘောဒီးယား နိုင်ငံ၏ ပညာရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေပြီး ပညာရေး၊ လူငယ်နှင့် အားကစားဝန်ကြီးဌာနထံမှ အလားအလာရှိသော ပံ့ပိုးကူညီမှုများကို ရှာဖွေလျက်ရှိသည်။ ၂၈-၇-၂၀၂၅ ရက်နေ့က ဖနွမ်းပင်မြို့တွင် ပညာရေး၊ လူငယ်နှင့် အားကစားဝန်ကြီး Hang Chuon Naron နှင့် Nanjing Xinyada နည်းပညာကုမ္ပဏီ မှ ညွှန်ကြားရေးမှူးချုပ် Zeng Botao တို့ တွေ့ဆုံစဉ် ပညာရေးပူးပေါင်းဆောင်ရွက်မှုသည် ကမ္ဘောဒီးယား-တရုတ် အသက် မွေးဝမ်းကျောင်းနှင့် နည်းပညာဆိုင်ရာပညာရေး၊ ကမ္ဘောဒီးယား-တရုတ် ဒစ်ဂျစ်တယ် တက္ကသိုလ် ထူထောင်ရေးနှင့် နိုင်ငံတကာ ပညာရေးဆိုင်ရာ တရုတ်တက္ကသိုလ်များနှင့် ကမ္ဘောဒီးယားနိုင်ငံ ICT အကြား ချိတ်ဆက်မှုတို့ကို အဓိကထားဆွေးနွေးခဲ့ကြသည်။ Chuon Naron က ကမ္ဘောဒီးယားနိုင်ငံရှိ ပညာရေးနှင့် လူ့စွမ်းအားအရင်းအမြစ်မြှင့်တင်ရေးတို့တွင် အထောက်အကူဖြစ်စေရန်အတွက် ဝန်ကြီးဌာနနှင့် ရင်းနှီးမြှုပ်နှံကာ ပူးပေါင်းဆောင်ရွက် လိုသည့် တရုတ်ကုမ္ပဏီ၏ ရည်ရွယ်ချက်ကို ထောက်ခံအားပေးကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ Chuon Naron က ကမ္ဘောဒီးယား နိုင်ငံ၏ ပညာရေး၊ အထူးသဖြင့် ဒစ်ဂျစ်တယ်နည်းပညာ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရန် အလေးအနက်ပြောကြားပြီး လက်ရှိနှင့် အနာဂတ်တွင် အလုပ်သမားစျေးကွက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် သက်ဆိုင်ရာ လုပ်ငန်းအဖွဲ့တစ်ရပ်ထူထောင်ကာ ဆက်လက်၍ စောင့်ကြည့်ဆွေးနွေးသွားရန် အကြံပြုခဲ့သည်။
DOCA(ရန်ကုန်)