
စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် မိတ်ဖက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ (၂၁.၇.၂၀၂၅)နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် အင်္ဂပူမြို့၊ ရေကျော်ကျေးရွာအုပ်စုရှိ အခြေခံပညာမူလတန်းကျောင်းတွင် ဆရာ၊ ဆရာမ(၄)ဦးနှင့် ကျောင်းသား၊ ကျောင်းသူ (၉၀)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
ဟောပြောပွဲတွင် အကြီးတန်းစာရေး ဒေါ်ဝင်းမာစိုးက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ အစားအသောက်နှင့် ကုန်စည်တွေပေါ်မှာ ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ အစားအသောက်များတွင် ပါဝင်သော ဓါတုဆိုးဆေး၏ ဆိုးကျိုးများအကြောင်း၊ မြန်မာဘာသာဖြင့် ကုန်အညွှန်းဖော်ပြထားခြင်းမရှိသော အစားအသောက်များနှင့် လူသုံးကုန်ပစ္စည်းများ ဝယ်ယူအသုံးပြုရာတွင် သတိပြုလိုက်နာ ဆောင်ရွက်ရမည့် အချက်များ၊ ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက ပြောဆိုတင်ပြတိုင်ကြားခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်များအကြောင်း စသည်တို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေး ဟောပြောခဲ့ပါသည်။
ဟောပြောပွဲအပြီးတွင် မြို့နယ်တာဝန်ခံနှင့်အဖွဲ့သည် ကျောင်းမုန့်ဈေးတန်းကော်မတီဝင်များနှင့် အတူ ကျောင်းမုန့်ဈေးတန်းများရှိ ရောင်းချနေသော မုန့်များတွင် ကုန်အညွှန်းအမှတ်အသား ပြည်စုံမှုရှိ/ မရှိ ကွင်းဆင်းစိစစ်ခဲ့ပြီး၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံသော မုန့်များကိုသာရောင်းချရန် မုန့်ဈေးတန်းရောင်းချသူများအား မှာကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA (ဧရာဝတီ)