
ကမ္ဘောဒီးယား ကုန်သည်ကြီးများအသင်း (CCC) သည် အင်ဒိုနီးရှား လျှပ်စစ် မော်တော်ဆိုင်ကယ်ထုတ်လုပ်သူများနှင့် ကုန်သွယ်မှုဆက်ဆံရေး တည်ဆောက်ရန်၊ နှစ်နိုင်ငံ စီးပွားရေးအခွင့်အလမ်းများကို ရှာဖွေရန် ဆွေးနွေးတိုင်ပင်ခဲ့ကြသည်။ CCC ၏ဒုတိယဥက္ကဌနှင့် Koh Kong ပြည်နယ်ကုန်သည်ကြီးများအသင်းဥက္ကဌ Chang Chivinh သည် အင်ဒိုနီးရှား လျှပ်စစ်မော်တော်ဆိုင်ကယ်ထုတ်လုပ်သူများအသင်း (AISMOLI) ၏ဥက္ကဌ Budi Setiyadi နှင့် နှစ်နိုင်ငံအကြား ကူးသန်းရောင်းဝယ်ရေးမိတ်ဖက်ဆက်ဆံရေးအတွက် အလားအလာများကို လေ့လာရန် ဆွေးနွေးခဲ့ကြသည်။ CCC ၏ ထုတ်ပြန်ချက်အရ တွေ့ဆုံမှုအတွင်း Setiyadi သည် အင်ဒိုနီးရှားနိုင်ငံ၏ လျှပ်စစ်မော်တော်ဆိုင်ကယ်ထုတ်လုပ်သူနှင့် ဖြန့်ဖြူးရောင်းချသူများကို ကိုယ်စားပြုသည့် AISMOLI ၏ အခန်းကဏ္ဍနှင့်ပတ်သက်၍ ကမ္ဘောဒီးယားကိုယ်စားလှယ်အဖွဲ့ အား ရှင်းလင်းတင်ပြခဲ့သည်။ အင်ဒိုနီးရှား၏ လျှပ်စစ်မော်တော်ဆိုင်ကယ်လုပ်ငန်းသည် မကြာသေးမီနှစ်များအတွင်း ထုတ်လုပ်မှုနှင့်ရောင်းချမှုနှစ်ခုလုံး တိုးလာသဖြင့် တိုးတက်မှု အားကောင်းသည့် လက္ခဏာများ ပြသခဲ့ကြောင်း Setiyadi က ပြောကြားခဲ့သည်။ Koh Kong ပြည်နယ်ကုန်သည်ကြီးများအသင်းဥက္ကဌ Chang Chivinh က AISMOLI ၏ ကမ္ဘောဒီးယားသို့ ၎င်း၏လုပ်ငန်းတိုးချဲ့ရန် စိတ်ဝင်စားမှုကို ကြိုဆိုကြောင်း၊ လျှပ်စစ်မော်တော်ဆိုင်ကယ် စျေးကွက်ကို ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြည်တွင်းကမ္ဘောဒီးယားကုမ္ပဏီများနှင့် ဖက်စပ် လုပ်ကိုင်ရန်နှင့် အင်ဒိုနီးရှားကုမ္ပဏီများသည် ကမ္ဘောဒီးယားနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု သို့မဟုတ် မိတ်ဖက်အခွင့်အလမ်းများရှာဖွေပါက CCC အနေဖြင့် ပေါင်းစပ်ညှိနှိုင်းမှုနှင့် ပံ့ပိုးကူညီမှုများ ပေးရန်အသင့်ရှိကြောင်း ပြောကြားခဲ့သည်။
DOCA (ရန်ကုန်)