Main menu

မိုးဦးကာလတွင် အရောင်းသွက် ဈေးကောင်းရနေတဲ့ ဟင်္သာတ ဝါးပိုးဝါး

Powered by Drupal

   ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်တွင် မိုးဦးရာသီရောက်လျှင် အရောင်းသွက်လာ သည့် ဝါးပိုးဝါး များစွာစိုက်ပျိုးထွက်ရှိသော ကျေးရွာများသို့ ဝါးကုန်သည်များ ဝင်ထွက်သွားလာ၍ ကွင်းဆင်းဝယ်ယူလျက်ရှိပါသည်။ဟင်္သာတမြို့နယ်အတွင်းရှိကျေးရွာများဖြစ်သော ကျောင်းကွင်း၊ နိဗ္ဗာန်၊ ယုံသလင်း၊ သမန်းကုန်း၊ အင်းကြီး၊ လိပ်ခုံး၊ အင်္ဂပို၊ အင်းခဝါ၊ ရွာသစ်၊ အင်းဓဝယ် စသည့် ကျေးရွာများမှ မိရိုးဖလာ တစ်နိုင်တစ်ပိုင် စိုက်ပျိုးထွက်ရှိသော ဝါးပိုးဝါးများကို တနင်္သာရီတိုင်း ဒေသ ကြီးသို့ တင်ပို့ရန်အတွက် အများဆုံး လာရောက် ဝယ်ယူကြခြင်း ဖြစ်ကြောင်း သိရသည်။

ဟင်္သာတမြို့နယ်မှထွက်ရှိသော ဝါးပိုးဝါးများကို ပင်လယ်ပြင်ငါးဖမ်းရာတွင် အသုံးပြုသော ဝါးဖောင်(ကျားဖောင်)များပြုလုပ်ရန်အတွက် ဝယ်ယူကြခြင်းဖြစ်ပါသည်။ ကျားဖောင်ငါးဖမ်းလုပ် ငန်းသည် လာမည့် စက်တင်ဘာလတွင် စတင်လုပ်ကိုင်ရမည်ဖြစ်ပြီး  ကျားဖောင် တစ်စီးတွင်  ဝါးပိုးဝါး အလုံးရေ အနည်းဆုံး ကိုးဆယ် မှ တစ်ရာခန့်အထိ အသုံးပြုရခြင်းကြောင့်  ယခုနှစ် ဇွန်လဆန်းပိုင်းမှ စ၍ ဟင်္သာတမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ရောင်းတန်းဝင် ဝါးပိုးဝါး များ အရောင်းသွက်လျက် ရှိကြောင်း သိရှိရပါသည်။ ဝါးပိုးပင်သည် ရေကြိုက်သော အပင်မျိုး ဖြစ်ပြီး အပင်သက် ၂ နှစ် တွင် ဝါးပင်၏ အချင်း ၆ လက်မမှ ၈ လက်မကြား ရှိပြီး အရှည် ပေ ၄၀ ခန့် ရှိသော ရောင်းတန်းဝင် ဝါးပိုးဝါးများကို ရရှိပါသည်။ ဝါးပိုးဝါးသယ်ယူသည့် ကားတစ်စီးလျှင် ရောင်းတန်းဝင် ဝါးပိုးလုံးရေ ၂၀၀ ခန့်သယ်ဆောင်နိုင်ပြီး ဆယ်ဘီးကား စီး‌‌ရေ ၅၀၀ ခန့် ရောင်းချရလျက်ရှိကြောင်း သိရှိရပါသည်။ ယခင်နှစ် မိုးဦးကာလတွင် ရောင်းတန်းဝင် ဝါးပိုးဝါး တစ်လုံးလျှင် ၈၀၀၀ ကျပ်ဖြင့်သာ ရောင်းချရပြီး ယခုနှစ်တွင် ဝါးပိုးဝါးများကို ကားလမ်းဘေး အ‌ရောက် မြေပုံ တစ်လုံးလျှင် ၁၂၀၀၀ ကျပ်ဖြင့် ဒေသခံဝါးစိုက်တောင်သူများ ‌ရောင်းချ ရလျက်ရှိပါသည်။ ယခင်ကာလတူဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ဝါးတစ်လုံးလျှင် ၄၀၀၀ ကျပ် ဈေးပိုမိုရရှိသောကြောင့် ဝါးစိုက်တောင်သူများ အကျိုးဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

    ဝါးပိုးဝါးသည် များစွာအသုံးဝင်ပြီး အိမ်တိုင်အဖြစ်အသုံးပြုနိုင်ခြင်း၊ ဝါးကြမ်းခင်း ခင်းခြင်းနှင့် အမိုးရေတံလျှောက်အဖြစ် အသုံးပြုခြင်း၊ ဝါးထရံ ယက်၍ အမိုးအကာအဖြစ်လည်း အသုံးပြုနိုင်ခြင်း တို့အပြင် ယခုကဲ့သို့ ကျားဖောင်ငါးဖမ်းလုပ်ငန်းတွင်လည်း အသုံးဝင်သည့် ဝါးပိုးဝါးများကို တစ်နိုင် တစ်ပိုင် စိုက်ပျိုးခြင်းမှ စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်သင့်ပါကြောင်း လေ့လာ တင်ပြအပ်ပါသည်။

DOCA (ဧရာဝတီ)