
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့တွင် ရာသီပေါ်ပိန္နဲသီးများ အရောင်းအဝယ် သွက်လျက်ရှိကြောင်း သိရှိရသည်။ ပိန္နဲပင်သည် မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသများတွင် စိုက်ပျိုးဖြစ်ထွန်းပြီး အအေးပိုင်းဒေသများတွင် ဖြစ်ထွန်းအောင်မြင်မှုနည်းကြောင်း၊ ပိန္နဲပင်ကို ဥယျာဉ်ခြံမြေများ၊ လူနေအိမ်ခြံစည်းရိုးများတွင် စိုက်ပျိုးမှုများကြသည်။ ပိန္နဲသီးသည် အပူပိုင်းဒေသ သီးနှံဖြစ်သည်။ ပူအိုက်စိုစွတ်သော ရာသီဥတုဖြစ်သည့် မြန်မာပြည်အလယ်ပိုင်း မိုးနည်းဒေသ များတွင် ရေသွင်း၍ စိုက်ပျိုးကြသည်။ ပိန္နဲသီးပင်ကို မေလနှင့်ဇွန်လများတွင် စိုက်ပျိုးမှုများပြီး (၅)နှစ်အကြာတွင် အသီးဆွတ်ခူးကြောင်း၊ စိုက်ပျိုးရာတွင် အကိုင်းကို မြေထုတ်ဆွဲနည်းဖြင့် စိုက်ပျိုး ခြင်းနှင့် အစေ့ကိုပျိုး၍ စိုက်ပျိုးခြင်း (၂)နည်းဖြင့် စိုက်ပျိုးကြသည်။ ပိန္နဲတစ်ပင်လျှင် အလုံး(၂၀ မှ ၅၀ ထိ) အသီးတင်ပြီး ဇွန်၊ ဇူလိုင်လများတွင် လှိုင်လှိုင်ပေါ်၍ အရောင်းအဝယ်ဖြစ်ကြောင်း၊ အသီး အရွယ်အစားပေါ်မူတည်ပြီး ပိန္နဲသီးတစ်လုံးလျှင် ဈေးနှုန်းကျပ်(၁၀၀၀၀ မှ ၂၀၀၀၀ထိ) အရောင်း အဝယ်ဖြစ်ကြောင်း၊ ဈေးနှုန်းကောင်းမွန်သည့်အတွက် စိုက်တောင်သူ အဆင်ပြေကြောင်း သိရှိရ သည်။
ပိန္နဲသီးမမှည့်ခင် ဟင်းအဖြစ် ချက်ပြုတ်စားသုံးခြင်း၊ အတို့အမြှပ်အဖြစ် စားသုံးခြင်းနှင့် ပိန္နဲ သီးအမှည့်ကို အဆံလိုက်စားသုံးကြသည်။ ပိန္နဲသီးတွင် အိမ်ပျော့၊ အိမ်မာ (၂)မျိုးရှိသည်။ အိမ်မာမှာ စားသုံးရာတွင် ပိုမိုအရသာရှိ၍ ဝယ်ယူစားသုံးမှု များပြီး ဈေးပိုမိုရရှိသည်။ ပိန္နဲသီးစားသုံးခြင်းဖြင့် လေဖြတ်ခြင်း၊ သွေးကြောကျဉ်းခြင်း၊ အူမကြီးကင်ဆာနှင့် နှလုံးရပ်ခြင်းရောဂါများကို ကျန်းမာစေ ခြင်းနှင့် ဆီးချိုရေားဂါဖြစ်နိုင်ခြေကိုလည်း လျော့ပါးစေကြောင်း မြန်မာဆေးကျမ်းများတွင် ဖော်ပြ ထားရှိ၍ ကျန်းမာရေးဆေးဖက်ဝင် သီးနှံတစ်မျိုးဖြစ်ကြောင်း သိရှိရသည်။
လက်ရှိကာလတွင် ပိန္နဲသီးပင်အား တနိုင်တပိုင် စိုက်ပျိုးမှုသာ များပြီး စီးပွားဖြစ် စိုက်ပျိုး တောင်သူ နည်းပါးလျက်ရှိသည်။ ပိန္နဲပင်သည် နှစ်ရှည်ခံသီးနှံဖြစ်သည့်အပြင် ကုန်ကျစရိတ် နည်းပါး ပြီး ရရှိသောအသီးများသည်လည်း ဈေးကောင်းရရှိ၍ စိုက်ပျိုးသူများအတွက် မိသားစုစီးပွားရေး အပိုဝင်ငွေရရှိစေသည့် သီးနှံအမျိုး အစားဖြစ်၍ ပိုမိုစိုက်ပျိုးသင့်သောသီးနှံဖြစ်ကြောင်း သိရှိရသည်။
DOCA(မကွေး)