Main menu

ကရင်ပြည်နယ်အတွင်းရှိ နှမ်းဈေးနှုန်းဈေးကွက်

Powered by Drupal

 

          ကရင်ပြည်နယ်သည် မြစ်ချောင်းများပေါများကာ မြေဩဇာကောင်းပြီး စိုက်ပျိုးရေးကို အဓိက အသက်မွေးဝမ်းကျောင်းအဖြစ် လုပ်ကိုင်ကြသည်။ စပါး၊ ဥယျာဉ်ခြံသီးနှံများနှင့် ကော်ဖီ၊ ရာဘာ တို့အပြင် ပြည်နယ်အတွင်း သီးထပ်သီးညှပ်နှင့် ဆီထွက်သီးနှံအဖြစ် အရေးပါသော ရိုးရာသီးနှံမှာ နှမ်းဖြစ်သည်။ ကရင်ပြည်နယ်အတွင်း နှမ်းစိုက်ပျိုးမှုကို ဘားအံ၊ လှိုင်းဘွဲ့၊ ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တို့တွင် အများဆုံးတွေ့ရသည်။ အထူးသဖြင့် မြစ်ချောင်းဘေးရှိ သဲသောင်မြေ များနှင့်နုန်းတင်မြေနုဒေသများ၊  တောင်ယာမြေများတွင် မိုးကြိုနှမ်းနှင့် မိုးနှမ်းများကို အဓိက စိုက်ပျိုး ကြသည်။ ပြည်နယ်တစ်ခုလုံးအနေဖြင့် စိုက်ဧက သောင်းဂဏန်းဝန်းကျင်ရှိပြီး ဒေသအလိုက် စိုက်ပျိုးရေးအလေ့အထပေါ်မူတည်၍ ဧက အတိုးအလျှော့ရှိသည်။ အထွက်နှုန်းနှုန်းမှာ ပျမ်းမျှအား ဖြင့် တစ်ဧကလျှင် ၅ တင်း မှ ၈ တင်း ဝန်းကျင်ထွက်ရှိသည်။ ရာသီဥတုဖိစီးမှု နှင့်ဒေသမျိုးစေ့ များကိုသာ အဓိက သုံးစွဲနေရခြင်းကြောင့် ရမည်းသင်း ၊ မကွေးစသည့် အညာဒေသများ၏ ထွက်နှုန်းနှင့် နှိုင်းယှဉ်ပါက အထွက်နှုန်းနည်းသည်။ စိုက်ပျိုးရေးဦးစီးဌာန၏ နည်းပညာအကူ အညီဖြင့် အထွက်ကောင်းမျိုးစေ့များ  ပြောင်းလဲစိုက်ပျိုးနိုင်ပါက တစ်ဧက ထွက်နှုန်းကို ၁၀ တင်း မှ ၁၂ တင်း အထိ တိုးတက်ထွက်ရှိနိုင်သည့် အလားအလာရှိသည်။ နှမ်းသည် ဆီထွက်သီးနှံ ဖြစ်သည့်အတွက် စားသုံးဆီဈေးကွက်ပေါ်မူတည်၍ တန်ဖိုးမြင့်တက်လျက်ရှိသည်။ အထိုင်ဈေး ကွက်ပေါ်မူတည်၍ နှမ်းဖြူ၊ နှမ်းနက်နှင့်နှမ်းညိုမျိုးများအလိုက် ၁ တင်းလျှင် (၁၀၀၀၀ မှ ၁၅၀၀၀) ကျပ် အထက် အပြောင်း အလဲရှိသည်။ နှမ်းနက်(စမုန်နက်)သည် ပြည်ပပို့ကုန်အဖြစ် ဈေးအမြင့်ဆုံးရရှိသည်။ ထွက်ရှိလာသည့် နှမ်းများကို ဒေသတွင်းဆီစက်များသို့ တိုက်ရိုက်ရောင်းချခြင်း၊ ဘားအံနှင့် မော်လမြိုင်မြို့ရှိ ပွဲရုံ များမှတစ်ဆင့် ရန်ကုန်မန္တလေး ဈေးကွက်ကြီးများသို့ တင်ပို့ခြင်းပြုလုပ်ကြ သည်။ ကရင်ပြည်နယ် သည် ထိုင်နိုင်ငံနှင့်နယ်နိမိတ်ချင်း ထိစပ်နေသည့်အတွက် မြဝတီနယ်စပ်မှ တစ်ဆင့်ပြည်ပသို့ တင်ပို့နိုင်သည့် အလားအလာကောင်းများရှိနေသော်လည်း လမ်းပန်းဆက်သွယ် ရေးနှင့်နယ်စပ်ကုန်သွယ်ရေး အခြေအနေများပေါ်မူတည်၍ ဈေးကွက်အတက်အကျရှိသည်။ ကရင် ပြည်နယ်၏ နှမ်းစိုက်ပျိုးရေးသည် ဒေသတွင်း စားသုံးဆီလိုအပ်ချက်ကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးနေရုံမျှမက တောင်သူများအနေဖြင့် ရာသီအလိုက်အပိုဝင်ငွေရရှိစေသည့် သီးနှံဖြစ် သည်။ သို့သော် တောင်သူများအနေဖြင့် ရာသီဥတုဒဏ်ခံနိုင်သော မျိုးကောင်းမျိုးသန့်များရရှိရေး၊ စိုက်ပျိုးရေးစရိတ်၊ သိုလှောင်မှုနည်းပညာနှင့်လမ်းပန်းဆက်သွယ်ရေး ချောမွေ့မှုများရရှိပါက ကရင် ပြည်နယ်ထွက်နှမ်းသည် ဒေသတွင်း စားသုံးဆီဖူလုံမှုအတွက် သာမက ပြည်ပကုန်သွယ်မှုအထိ တိုးချဲ့ နိုင်မည့်သီးနှံဖြစ်သည်။

DOCA(ကရင်)