
နှစ်နိုင်ငံကြားစီးပွားရေးဆက်နွယ်မှုအားကောင်းရန် လက်ရှိကြိုးပမ်းအားထုတ်မှုများ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် အင်ဒိုနီးရှားနှင့် အမေရိကန်စီးပွားရေးလုပ်ငန်းရှင်များသည် အမေရိကန်ဒေါ်လာ ၃၄ ဘီလီယံတန်ဖိုးရှိသော ဗျူဟာမြောက်စီးပွားရေးသဘောတူညီချက်များ ကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါသည်။ ထိုသဘောတူညီချက်များသည် အင်ဒိုနီးရှားနိုင်ငံ စီးပွားရေးရာညှိနှိုင်းဆွေးနွေးရေးဝန်ကြီးနှင့် ဝါရှင်တန်ရှိ အင်ဒိုနီးရှားသံရုံးတို့က ဇူလိုင်လ ၇ ရက် နေ့ကကြီးမှူးကျင်းပခဲ့သည့် အဆင့်မြင့်စီးပွားရေးအစည်းအဝေးတွင် အပြီးသတ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ စီးပွားရေးရာညှိနှိုင်းဆွေးနွေးရေးဝန်ကြီး Airlangga Hartarto က ကုန်သွယ်ရေးအကောက်ခွန်သဘောတူညီချက်ရရှိရန် အားထုတ်မှုများပါဝင်သည့် အမေရိကန်နှင့် ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းရန် အင်ဒိုနီးရှား၏အာမခံချက်ကို ကတိကဝတ်ပြုကြောင်း၊ နှစ်နိုင်ငံကြားစီးပွားရေးမိတ်ဖက်ဖြစ်မှုသည်ကာလကြာရှည်ခဲ့ပြီဖြစ်ကြောင်းနှင့် အင်ဒိုနီးရှား စီးပွားရေး လုပ်ငန်းရှင်များက စုစုပေါင်းတန်ဖိုးအမေရိကန်ဒေါ်လာ ၃၄ ဘီလီယံတန်ဖိုးရှိသော စိုက်ပျိုးရေး နှင့် စွမ်းအင်ကဏ္ဍများရှိ အမေရိကန်ထုတ်ကုန်များကိုပိုမိုဝယ်ယူရန် ကတိကဝတ်ပြုခြင်းမှ တစ်ဆင့် ဆက်လက်ထိန်းသိမ်းသင့်ကြောင်း ပြောကြားခဲ့ပါသည်။ အမေရိကန်နိုင်ငံဆိုင်ရာ အင်ဒို နီးရှားသံအမတ် Sade Bimantara က ထိုမိတ်ဖက်ဖွဲ့မှုသည် MSME လုပ်ငန်းများကိုပံ့ပိုးပေးနိုင် ပြီး အလုပ်အကိုင်ထောင်ပေါင်းများစွာကို ဖန်တီးပေးနိုင်ကြောင်းနှင့်နှစ်နိုင်ငံကြား အသိပညာနှင့် နည်းပညာဖလှယ်မှုကို မြှင့်တင်ပေးနိုင်ကြောင်း ပြောကြားခဲ့ပါသည်။ ထိုဗျူဟာမြောက်စီးပွားရေး သဘောတူညီချက်များသည် စွမ်းအင်နှင့် စိုက်ပျိုးရေးတို့ပါဝင်သည့် ဗျူဟာမြောက်ကဏ္ဍများကို လွှမ်းခြုံထားကြောင်း သိရပါသည်။
Antara News
DOCA (ရန်ကုန်)