
၂၀၂၅ ခုနှစ်၏ ပထမနှစ်ဝက်တွင် ကမ္ဘောဒီးယားနိုင်ငံ၏ နိုင်ငံတကာကုန်သွယ်မှုတန်ဖိုး မှာ အမေရိကန်ဒေါ်လာ ၃၀.၅၇ ဘီလီယံရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ၁၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ဇူလိုင်လ ၁၀ ရက်နေ့က တရားဝင်ထုတ်ပြန်ချက်အရ သိရပါ သည်။ ထိုကာလအတွင်း နိုင်ငံ၏ စုစုပေါင်းတင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၄.၂၉ ဘီလီယံ ရှိပြီး တင်သွင်းမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၆.၂၈ ဘီလီယံဖြင့် ၂၀၂၄ ခုနှစ်ပထမနှစ်ဝက်နှင့် နှိုင်းယှဉ်ပါက ၁၆ ရာခိုင်နှုန်းနှင့် ၁၈ ရာခိုင်နှုန်းအသီးသီး မြင့်တက်ခဲ့ကြောင်း အကောက်ခွန်နှင့် အခွန်အထွေထွေဦးစီးဌာန၏အဆိုအရ သိရပါသည်။ ကမ္ဘောဒီးယား ၏ ထိပ်တန်း ကုန်သွယ်ဖက် ၅ နိုင်ငံမှာ တရုတ်၊ အမေရိကန်၊ ဗီယက်နမ်၊ ထိုင်းနှင့် ဂျပန်တို့ဖြစ်ကြောင်း သိရပါသည်။ နိုင်ငံ၏ အဓိကပို့ကုန်များမှာ အဝတ်အထည်၊ ဖိနပ်နှင့် ခရီးသွားကုန်ပစ္စည်းများ၊ ငှက်ပျောသီးများ၊ သီဟိုဠ်စေ့များ၊ သရက်သီးများ၊ စက်ဘီးများ၊ ရာဘာခြောက်များ၊ ဆန်နှင့် တောကြက်မောက်သီးတို့ ဖြစ်ကြောင်း သိရပါသည်။ အဓိကသွင်းကုန်များတွင် အဝတ်အထည်၊ ဖိနပ်နှင့် ခရီးသွားကုန် ပစ္စည်းများအတွက် ကုန်ကြမ်း ပစ္စည်းများ၊ ဓာတ်ဆီ၊ ဆောက်လုပ်ရေးပစ္စည်းများ၊ ကားများနှင့် မော်တော်ဆိုင်ကယ်များ၊ အီလတ်ထရောနစ်ထုတ်ကုန်များ၊ စားသုံးကုန်များ၊ ဆေးဝါးထုတ်ကုန်များနှင့် အလှကုန်ပစ္စည်း များပါဝင်ကြောင်း သိရပါသည်။ စီးပွားကူးသန်းဝန်ကြီးဌာန၏ အတွင်းရေးမှူး Penn Sovicheat က ဒေသတွင်းဘက်ပေါင်းစုံစီးပွားရေးမိတ်ဖက်သဘောတူညီချက်နှင့် ကမ္ဘောဒီးယား-တရုတ် လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်များသည် ရေရှည်စဉ်ဆက်မပြတ် ပို့ကုန် ကြီးထွားမှုအတွက် အရေးပါခဲ့ပြီး ယခုနှစ်တွင်လည်း ဆက်လက်မြင့်တက်နိုင်ကြောင်း ပြောကြားခဲ့ပါသည်။
Khmer Times
DOCA (ရန်ကုန်)