
အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့သည်ကုန်လမ်း၊ လေကြောင်းလမ်းနှင့် ရေကြောင်းတို့မှ ချိတ်ဆက်မှုမြှင့်တင်ခြင်းနှင့် ကုန်သွယ်မှုအတားအဆီးများလျှော့ချခြင်းအားဖြင့် နှစ်နိုင်ငံအပြန် အလှန်ကုန်သွယ်မှုကို ၂၀၂၇ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃၅ ဘီလီယံ ထိရောက်ရှိရန် စီစဉ် ထားကြောင်း သိရပါသည်။ ၂၀၂၄ ခုနှစ်တွင် နှစ်နိုင်ငံကြား အပြန်အလှန်ကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၇.၅ ဘီလီယံထိရောက်ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်ကထက် ၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ ကြောင်း အိန္ဒိယ-ထိုင်း ကုန်သည်များအသင်းက ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် ဇွန်လ ၂၆ ရက် နေ့ကကျင်းပခဲ့သည့် Connection & Converse ပွဲအခမ်းအနားတွင် ထိုင်းကုန်သွယ်ရေးတာဝန်ရှိ သူတစ်ဦးဖြစ်သည့် Nalinee Taveesin က ပြောကြားခဲ့ပါသည်။ Ms Nalinee က ထိုင်းနိုင်ငံသည် ၎င်းတို့၏ ထွန်းသစ်စလုပ်ငန်းများ အထူးသဖြင့် အရှေ့ပိုင်းစီးပွားရေးစင်္ကြန်တိုးမြှင့်ရန်နှင့် ထိုင်းနိုင်ငံ ဆီလီကွန်တောင်ကြားတည်ထောင်ရန်အတွက် အာကာသနည်းပညာ၊ AI နည်းပညာ၊ ဇီဝနည်းပညာ၊ လျှပ်စစ်မော်တော်ယာဉ်များနှင့် ဆော့ဖ်ဝဲတို့တွင် အိန္ဒိယ၏ ကျွမ်းကျင်မှုကို ခြေကုပ်ယူနိုင်ရန်ကြိုးပမ်းသွားမည်ဟု ပြောကြားခဲ့ပါသည်။ အိန္ဒိယ-ထိုင်း ကုန်သည်များအသင်း (ITCC) တွင် အဖွဲ့ဝင်ကုမ္ပဏီ ၄၀၀ ခန့်ပါဝင်ပြီး ကျောက်မြတ်ရတနာ၊ အဝတ်အထည်၊ ကုန်ထုတ် လုပ်ခြင်းနှင့် ဧည့်ခံရေးလုပ်ငန်းနယ်ပယ်အစရှိသည့် အဓိကကဏ္ဍများကို လွှမ်းခြုံထားကြောင်း သိရပါသည်။ ITCC သည်နှစ်နိုင်ငံ၏ပုဂ္ဂလိကကဏ္ဍများကြား အားကောင်းသောပူးပေါင်း ဆောင်ရွက်မှုအတွက် ယန္တယားတစ်ခုအနေဖြင့် တည်ရှိနေကြောင်း သိရပါသည်။ Ms Nalinee က အသင်းသည် Public နှင့် Private ကဏ္ဍများကြား ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ငန်းစဉ်များ ချိတ်ဆက်မှုအရှိန်မြှင့်တင်ရာတွင် ပေါင်းကူးတံတားသဖွယ်ဆောင်ရွက်လျှက်ရှိကြောင်း ပြောကြား ခဲ့ပါသည်။ ထိုကြိုးပမ်းအားထုတ်မှုသည် ထိုင်း-အိန္ဒိယဆက်ဆံရေးအား မဟာဗျူဟာမြောက် မိတ်ဖက်အဖြစ်မြှင့်တင်ရန် ထိုင်းအစိုးရ၏ မျှော်မှန်းချက်နှင့်ချိန်ညှိဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရပါသည်။ Ms Nalinee သည် ထိုင်းအစိုးရ၏ပါဝါပျော့မူဝါဒအောက်တွင် အိန္ဒိယခရီးသွား ဈေးကွက်မြှင့်တင်ရေး ဆပ်ကော်မတီ၏ ဥက္ကဌအဖြစ်ခန့်အပ်ခြင်းခံခဲ့ရကြောင်း သိရပါသည်။ ထိုင်းနိုင်ငံခရီးသွားအာဏာပိုင်အဖွဲ့နှင့် သက်ဆိုင်ရာအေဂျင်စီများနှင့် ပူးပေါင်းဆောင်ရွက်မှုနှင့် အတူ ဆပ်ကော်မတီသည် အောက်တိုဘာလတွင် နိုင်ငံတစ်ဝှမ်း ကျင်းပမည့် ဒီဝါလီပွဲတော်တွင် Amazing Thailand Grand Diwali Festival 2025 ကို ကျင်းပရန်အတွက် ပြင်ဆင်နေကြောင်း သိရပါသည်။ ဘန်ကောက်ရှိအိန္ဒိယသံရုံးကပံ့ပိုးမှုဖြင့်ကျင်းပမည့်ပွဲတော်သည် အိန္ဒိယကမ္ဘာလှည့် ခရီးသွားများနှင့် ကမ္ဘာတစ်ဝှမ်းရှိပွဲတော်လည်ပတ်သူများကို ဆွဲဆောင်ရန်ရည်ရွယ်ကြောင်း သိရ ပါသည်။ Ms Nalinee က အိန္ဒိယယဉ်ကျေးမှုဖြင့်ပွဲတော်ကျင်းပခြင်းအပြင် ၎င်းတို့သည် နိုင်ငံတစ်ဝှမ်းစီးပွားရေးကြီးထွားမှုလှုံ့ဆော်ရန်အတွက် ထိုင်းထုတ်ကုန်များ၊ ဝန်ဆောင်မှုများနှင့် ခရီးသွားဦးတည်လည်ပတ်ရာနေရာများကို ပြသသွားမည်ဟု ပြောကြားခဲ့ပါသည်။
Bangkok Post
DOCA (ရန်ကုန်)