ထိုင်းနိုင်ငံ၌ စပါးဈေးနှုန်းများသည် ၂၅ ရာခိုင်နှုန်းခန့် သိသာစွာကျဆင်းလျက် ၁ တန်လျှင် ဘတ်ငွေ ၅၀၀၀ ကျော်နှုန်းထားဖြင့် ၁၇ နှစ်အတွင်း အနိမ့်ဆုံးအဆင့်သို့ရောက်ရှိခဲ့မှုအပေါ် တုံ့ပြန် ဖြေရှင်းရန်အတွက် အမျိုးသားဆန်စပါးမူဝါဒနှင့် စီမံခန့်ခွဲမှုကော်မတီ (NRPMC) ၏ ဥက္ကဋ္ဌဖြစ်သူ ဒုတိယ ဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီး Pichai Chunhavajira က ဇွန်လ ၂၆ ရက်နေ့တွင် အရေးပေါ် အစည်းအဝေးကျင်းပရန် ခေါ်ယူခဲ့ကြောင်းသိရှိရပါသည်။
ဇွန်လ တတိယပတ်အတွင်း အဓိကဆန်တင်ပို့သူများက ဝယ်ယူသည့်ဈေးနှုန်းများကို သတ် မှတ်ဆုံးဖြတ်မှုကြောင့် ထိုကဲ့သို့ စပါးဈေးနှုန်းများ ကျဆင်းခဲ့ခြင်းဖြစ်ပြီး ဆန်စက်လုပ်ငန်း အများ အပြားကလည်း အလျင်စလိုရောင်းချလျက်ရှိခြင်းကြောင့် ဈေးနှုန်းထပ်မံကျဆင်းမှုကို ဖြစ်ပေါ်စေ လျက်ရှိကြောင်း The Nation သတင်းဌာနက ဖော်ပြပါသည်။
ထိုင်းစိုက်ပျိုးရေးလုပ်ငန်းရှင်များအသင်း၏ ဥက္ကဋ္ဌ Pramote Charoensilp က လက်ရှိ ကာလ၌ တောင်သူများသို့ ကမ်းလှမ်းမှုပြုသည့် လွတ်လပ်သောဈေးကွက်ဈေးနှုန်းမှာ ထိန်းသိမ်း နိုင်မှုမရှိပဲ ကျဆင်းနေခြင်းကြောင့် အရေးပေါ်ကြားဝင်ဖြေရှင်းမှုကို လုပ်ဆောင်ရန် လိုအပ်လျက်ရှိ ကြောင်း၊ နွေစပါးစိုက်ပျိုးသော တောင်သူများသို့ စိုက်ဧရိယာ ၁ ရိုင်လျှင် ဘတ်ငွေ ၁၀၀၀ နှုန်းဖြင့် လယ်သမားတစ်ဦးလျှင်အများဆုံး ၁၀ ရိုင် အထိ တိုက်ရိုက်ငွေကြေးထောက်ပံ့ရန် NRPMC က အတည်ပြုပေးလိမ့်မည်ဟု မျှော်လင့်ကြောင်း၊ ဈေးကွက်လိုအပ်ချက်နှင့်အညီ စိုက်ပျိုးထုတ်လုပ် မှုကို လယ်သမားများက ပြန်လည်တည်ဆောက်ရာတွင် အကောက်အကူပြုစေရန်အတွက် ရည် ရွယ်ချမှတ်ထားသည့် ဘတ်ဂျက်ရန်ပုံငွေကို ကနဦးမူလ၌ ဘတ် ၂.၈၆ ဘီလီယံ လျာထားရာမှ ဘတ် ၅ ဘီလီယံအထိ တိုးမြှင့်ပေးရဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။
စိုက်ပျိုးရေးပညာပေးဦးစီးဌာန၏ ပြောကြားချက်အရ ယခင်နှစ် နွေစပါးရာသီ၌ တောင်သူ အိမ်ထောင်စုပေါင်း ၃၃၇၀၀၀ က စပါးစိုက်ဧရိယာ ရိုင် ၅.၆၄ သန်း စိုက်ပျိုးမှုကို မှတ်ပုံတင်ထား ရှိခဲ့မှုနှင့် နှိုင်းယှဉ်ပါက ယခုနှစ်တွင် အိမ်ထောင်စုပေါင်း ၈၄၉၀၀၀ သည် နွေစပါးစိုက်ဧရိယာ ရိုင် ၁၁.၈၃ သန်းအထိ မှတ်ပုံတင်ခဲ့ကြောင်း၊ လယ်သမားမိသားစု မှတ်ပုံတင်မှုအရ ၁၅၁ ရာခိုင်နှုန်းနှင့် စိုက်ပျိုးမှု ဧရိယာအရ ၁၁၀ ရာခိုင်နှုန်း တိုးတက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။
ဈေးကွက်စီမံဆောင်ရွက်မှုများဆိုင်ရာ ဆပ်ကော်မတီသည် ရှေ့လာမည့် ၂၀၂၅-၂၀၂၆ သီးနှံ ရာသီနှစ်အတွက် စပါးစိုက်ဧရိယာ တစ်ရိုင်လျှင် ဘတ်ငွေ ၂၀၀၀ ထောက်ပံ့ပေးအပ်မည့် အစီအစဉ် ကို အတည်ပြုထားပြီး ဖြစ်ကြောင်း၊ မကြာမီသေးမီကာလ၌ ဓာတ်မြေဩဇာဈေးနှုန်း တစ်တန် လျှင် ဘတ် ၂၀၀ ပိုမိုမြင့်တက်လာမှု၊ လူနေမှုစရိတ်ကြီးမြင့်မှုများနှင့် စပါးဈေးနှုန်းကျဆင်းမှုတို့ကို ကာမိစေရန်အတွက် ယခင်နှစ်ထက် ပိုမိုလျက် တောင်သူတစ်ဦးလျှင် ၁၀ ရိုင်မှ ၂၅ ရိုင် အထိ ထောက်ပံ့ရန် ကနဦးဆွေးနွေးမှုများ ပြုလုပ်ထားကြောင်း၊ စပါးဈေးနှုန်းကျဆင်းခြင်း၊ ငွေကြေး ဖောင်းပွခြင်းနှင့် သွင်းအားစုစရိတ်မြင့်မားခြင်း စသည့် ဘက်ပေါင်းစုံမှ ရိုက်ခတ်မှုများကို တောင်သူ များခံစားနေရသဖြင့် ဖြေလျော့မှု အစီအမံများ အရေးပေါ် လုပ်ဆောင်ပေးရန် ၎င်းတို့အသင်းက အစိုးရသို့ တိုက်တွန်းထားကြောင်း Mr. Pramote က ပြောကြားခဲ့ပါသည်။
Source: The Nation Thailand, June 24, 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)