Main menu

အရှေ့အလယ်ပိုင်းဒေသ၌ ပဋိပက္ခဖြစ်ပွားမှုက ကမ္ဘာ့ယူရီးယားမြေဩဇာ ဈေးနှုန်းမြင့်တက်စေ

Powered by Drupal

     အရှေ့အလယ်ပိုင်းဒေသ၌ ပဋိပက္ခဖြစ်ပွားမှု အရှိန်မြင့်တက်နေမှုနှင့်အတူ အဆိုပါဒေသ အတွင်းမှ အဓိကထုတ်လုပ်တင်ပို့သော ယူရီးယား ဓာတ်မြေဩဇာ ထုတ်လုပ်မှုသည် ရပ်တန့်သည့် အခြေအနေဖြစ်ပေါ်လျက်ရှိရာ ကမ္ဘာ့ယူရီးယားမြေဩဇာဈေးနှုန်းများမှာ မြင့်တက်လာကြောင်း Economic Times သတင်းဌာနက ဖော်ပြပါသည်။

       Bloomberg Intelligence ကုန်ထုတ်လုပ်မှု သုတေသနအဖွဲ့၏ အဆိုအရ ကမ္ဘာ့ယူရီးယား ဓာတ်မြေဩဇာတင်ပို့မှု၏ ထက်ဝက်ခန့်ကို ပါရှန်ပယ်လယ်ကွေ့ဒေသရှိ နိုင်ငံများမှ ထုတ်လုပ်ဖြည့် ဆည်းပေးလျက်ရှိပြီး မကြာသေးမီ၌ ဖြစ်ပေါ်ခဲ့သော အပြန်အလှန်တိုက်ခိုက်မှုများက ထုတ်လုပ်ပေးသွင်းမှုများကို ထိခိုက်မည့်အန္တရာယ် ကျရောက်စေလျက်ရှိကြောင်း သိရှိရသည်။ ယခင်နှစ်၌ ကမ္ဘာ့ယူရီးယားမြေဩဇာ ကုန်သွယ်မှုပမာဏ၏ ၂၀ ရာခိုင်နှုန်းခန့်ကို ပေးသွင်းခဲ့သော အီဂျစ်နှင့် အီရန်တို့သည် ၎င်းတို့၏ ယူရီးယားထုတ်လုပ်မှုကို ဖြတ်တောက်လျှော့ချထားပြီးဖြစ်ကြောင်း CRU Group စီးပွားရေးအတိုင်ပင်ခံလုပ်ငန်းမှ ဓာတ်မြေဩဇာဌာန၏ အကြီးအကဲ Chris Lawson က ပြောဆိုခဲ့သည်။

    ယူရီးယား ဓာတ်မြေဩဇာသည် ကမ္ဘာတစ်ဝန်းရှိ စိုက်ပျိုးရေးလုပ်ငန်းများတွင် နိုက်ထရိုဂျင် ပေါကြွယ်ဝစွာ ဖြည့်ဆည်းပေးရာ၌ အသုံးအများဆုံးဖြစ်သည်။ ကမ္ဘာ့စံပြုဈေးနှုန်းတစ်ခုဖြစ်သော အမေရိကန်ပင်လယ်ကွေ့ဒေသ ယူရီးယားဓာတ်မြေဩဇာ လက်ငင်းဈေးနှုန်းသည် ဇွန်လ တတိယ ရက်သတ္တပတ်အတွင်း ၁၆ ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့ပြီး အရှေ့အလယ်ပိုင်းဒေသတွင်လည်း ၁၁ ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့သည်ဟု Green Markets သတင်းအချက်အလက်က ဖော်ပြထားသည်။

      အီဂျစ်နိုင်ငံတွင် သဘာဝဓာတ်ငွေ့ အဓိကရယူသည့် အစ္စရေးနိုင်ငံရှိ ဓာတ်ငွေ့တွင်းများထံ မှ ပေးသွင်းမှုရပ်ဆိုင်းလျက်ရှိသဖြင့် ယူရီးယားဓာတ်မြေဩဇာ ထုတ်လုပ်မှုသည် ဇွန် ၁၃ ရက်နေ့ ကပင် ရပ်တန့်နေခဲ့သည်ဟု အဆိုပါကိစ္စကို သိရှိထားသည့် အမည်မဖော်လိုသော ပုဂ္ဂိုလ်အချို့က ပြောကြားခဲ့ကြသည်။ ဓာတ်မြေဩဇာစက်ရုံများသို့ သဘာဝဓာတ်ငွေ့ပေးသွင်းမှု ပြန်လည်စတင် ရန်ကိစ္စသည် အမေရိကန်နိုင်ငံက အီရန်နိုင်ငံရှိ နျူကလီးယားစမ်းသပ်လေ့လာရေးနေရာများကို လေကြောင်းမှ တိုက်ခိုက်မှုကြောင့် နောက်ထပ် သီတင်းတစ်ပတ်အကြာ ရွှေ့ဆိုင်းထားခဲ့ရကြောင်း ၎င်းတို့က ပြောဆိုကြသည်။

     အီရန်နိုင်ငံ၌မူ အမိုးနီးယားနှင့် ယူရီးယား ထုတ်လုပ်သည့် ဓာတ်မြေဩဇာစက်ရုံ ၇ ခုလုံးမှာ ပိတ်သိမ်းထားရသည်ဟု ‌ဒေသခံများထံမှ သိရှိရကြောင်း၊ ပဋိပက္ခဖြစ်ပွားမှုသည် ကမ္ဘာ့ကုန်သွယ် စီးဆင်းမှုကို အနှောင့်အယှက်ပြုလျက်ရှိပြီး ယခုရက်သတ္တပတ်တွင်လည်း ဓာတ်မြေဩဇာဈေးနှုန်း များ ဆက်လက်မြင့်တက်ဖွယ်ရှိကြောင်း၊ အိန္ဒိယ၏ မကြာသေးမီက ဓာတ်မြေဩဇာအဝယ်တင်ဒါ ခေါ်ယူမှုမှာ အောင်မြင်ခြင်းမရှိပဲ ဥရောပကုန်သည်များက ဈေးပြိုင်တင်သွင်းမှုများကို ပြန်လည် ရုတ်သိမ်းသွားချိန်တွင် အီရန်၏ဓာတ်မြေဩဇာထုတ်ကုန်များကို ဝယ်ယူသည့် ဘရာဇီးနှင့် တူရကီ တို့ကဲ့သို့သော နိုင်ငံများသည် ရှေ့လာမည့် သီတင်းပတ်များ၌ ထုတ်လုပ်မှုဆက်လက်ကျဆင်းမည့် အခြေအနေကိုတွက်ဆလျက် ဝယ်ယူရရှိနိုင်မည့် အခြားအရင်းအမြစ်များကို ရှာဖွေလာကြဖွယ်ရှိကြောင်းဖြင့် Mr.  Lawson က ပြောကြားခဲ့သည်။

Source: Economic Times,  24 June 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)