
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို လစဉ်ဆောင် ရွက်လျှက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက် နှင့်အညီ အစားအသောက်ရောင်းချသည့် စားသောက်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေးရာ ဇွန်လ (၁၇)ရက်နေ့၊ နေ့လယ် (၁၁:၀၀) နာရီအချိန်တွင် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကွမ်းခြံကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမ (LHV) ဒေါ်သန်းသန်းစိုး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အခွန်ကောက်ခံရေး တာဝန်ခံ ဦးချစ်ထွေး၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးနှင့် ဌာနခွဲစာရေး ဦးတင်ထွန်းဦး တို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ကွမ်းခြံကုန်း မြို့နယ် တော်ပုကဲရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ ထိန်ထိန်လင်း စားသောက်ဆိုင်သို့ အစားအသောက်ရောင်းချသည့် ဝန်ဆောင်မှု ကဏ္ဍ(၃)ရပ်တွင် ပါဝင်သော အချက်အလက်များအား ဦးစားပေးစစ် ဆေးရသည့် အကြောင်းအရင်းများအား စာရင်းကောက်ယူစစ်ဆေး မေးမြန်းခဲ့ကြကြောင်း သိရှိရပါသည်။
ထို့နောက် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးက အစား အသောက်များ ပြုပြင်ရောင်းချရာတွင် အစားအသောက်များ သန့်ရှင်းလတ်ဆတ်မှု ရှိစေရန်၊ ပန်းကန် အိုးခွက်များ သန့်ရှင်းမှုရှိစေရန်၊ အစားအသောက် ဆေးကြောသန့်စင်သည့် ရေများ သန့်ရှင်းမှုရှိစေရန်၊ အစားအသောက် ချက်ပြုတ်သူများနှင့် ဝန်ဆောင်မှုပေးသူများ တစ်ကိုယ်ရည်သန့်ရှင်းမှုရှိစေရန်၊ ဝန်ဆောင်မှုပေးသည့် အဖိုးအခ ကောက်ယူမှုကို ကြိုတင်အသိပေးရန်၊ အစားအသောက်များရောင်းချသည့် အမျိုးအစား၊ အရွယ်အစား၊ ပမာဏအလိုက် ဈေးနှုန်းများအား ပွင့်လင်းမြင်သာစွာ ဖော်ပြပေးရန်တို့အား စားသောက်ဆိုင်ပိုင်ရှင် လုပ်ငန်းရှင် များနှင့် ဝန်ဆောင်မှုပေးသူများအား ဆွေးနွေးအသိပညာပေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)