Main menu

ဖိလစ်ပိုင်၏ ဆန်စပါးကဏ္ဍ၌ ဒေါ်လာ သန်း ၅၀၀ အာရှဖွံ့ဖြိုးရေးဘဏ် ရင်းနှီးမြှုပ်နှံမည်

Powered by Drupal

     အာရှနှင့် ပစိဖိတ်ဒေသတစ်ဝန်းတွင် ဆန်ထုတ်လုပ်မှု စဉ်ဆက်မပြတ်တိုးတက်စေရန်နှင့် ကာဗွန်ထုတ်လွှတ်မှု အနည်းငယ်ဖြင့် ဆန်စပါးစိုက်ပျိုးထုတ်လုပ်ခြင်းကို မြှင့်တင်ရန်အတွက် အာရှ ဖွံ့ဖြိုးရေးဘဏ်အနေဖြင့် ဖိလစ်ပိုင်၏ ဆန်စပါးကဏ္ဍတွင် ဒေါ်လာသန်း ၅၀၀ ရင်းနှီးမြှုပ်နှံခြင်းကို ၂၀၂၅ ခုနှစ်မှ ၂၀၃၀ ပြည့်နှစ်အထိ လုပ်ဆောင်ရန် စီစဉ်လျက်ရှိကြောင်းသိရှိရပါသည်။

     Gates ဖောင်ဒေးရှင်း၏ အထောက်အပံ့ဖြင့် ဇွန် ၉ ရက်‌နေ့တွင် ပြုလုပ်ခဲ့သည့် အပြည်ပြည် ဆိုင်ရာ ဆန်စပါးသုတေသနအဖွဲ့၏ (၆၅) နှစ်မြောက် နှစ်ပတ်လည်အခမ်းအနား၌ အာရှဖွံ့ဖြိုးရေး ဘဏ်နှင့် အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေးသုတေသနစင်တာတို့က အဆိုပါစီမံချက်ကို တရားဝင် ကြေညာခဲ့ခြင်း ဖြစ်ပါသည်။

    အာရှဖွံ့ဖြိုးရေးဘဏ်၏ အကြီးတန်းဒါရိုက်တာဖြစ်သူ Qingfeng Zhang က ဖိလစ်ပိုင်တွင် ရင်းနှီးမြှုပ်နှံမည့် ဒေါ်လာသန်း ၅၀၀ အား ဆည်ရေပေးသွင်းခြင်း၊ စပါးစိုက်ပျိုးခြင်းနှင့် စိုက်ပျိုးရေး ဆိုင်ရာ ထောက်ပံ့ပို့ဆောင်ခြင်းတို့တွင် ဖွံ့ဖြိုးတိုးတက်စေရန် အသုံးပြုသွားမည်ဖြစ်ကြောင်း ပြော ကြားခဲ့ပါသည်။

    အဆိုပါ ရင်းနှီးမြှုပ်နှံမှုပမာဏသည် အာရှဖွံ့ဖြိုးရေးဘဏ်အနေဖြင့် အာရှ-ပစိဖိတ်ဒေသ အတွက် ၂၀၂၅-၂၀၃၀ ကာလအတွင်း ဒေါ်လာ ၁.၅ ဘီလီယံ ရင်းနှီးမြှုပ်နှံရန် စီစဉ်ထားမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း၊ ဆန်စပါးကဏ္ဍ စဉ်ဆက်မပြတ်တိုးတက်စေရေး အထောက်အကူ ဖြစ်စေရန်အတွက်  ရင်းနှီးမြှုပ်နှံမှုအား စပါးအထွက်နှုန်းတိုးတက်ရေး၊ ရာသီဥတုနှင့် လိုက်လျော ညီထွေဖြစ်စေရေး၊ ရေအသုံးပြုမှုနှင့် ကာဗွန်ခြေရာခံစနစ်များ လျှော့ချရေးတို့တွင် ခွဲဝေအသုံးပြု သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

     ဆန်စပါးကဏ္ဍသည် လူဦးရေထက်ဝက်ကျော်အတွက် ထောက်ပံ့လျက်ရှိပြီး ကျေးလက်နေ ပြည်သူ သန်းပေါင်းများစွာ၏ အသက်မွေးဝမ်း‌ကျောင်းလုပ်ငန်းဖြစ်နေသော်လည်း  ဒေသတွင်းစပါး စိုက်ပျိုးမှုတွင် အထွက်နှုန်းကျဆင်းခြင်း၊ ရေရရှိမှုနည်းပါးခြင်းနှင့် ဖန်လုံအိမ်ဓါတ်ငွေ့ထွက်ရှိခြင်း စသည့် စိန်ခေါ်မှုများစွာကို ရင်ဆိုင်ရလျက်ရှိကြောင်း၊ ယင်းပြဿနာများသည် စားနပ်ရိက္ခာဖူလုံ ရေးနှင့် လူမှုဘဝသာယာစိုပြေမှုတို့အပေါ် စိန်ခေါ်မှုများဖြစ်ပေါ်စေကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် ၏ တာဝန်ရှိသူက ပြောကြားခဲ့ပါသည်။

     ဆက်လက်၍ အာရှတွင် ဆန်သည် စားနပ်ရိက္ခာဖူလုံမှုအတွက် အရေးပါပြီး ဒေသတွင်း စားသုံးမှု၏ လေးပုံတစ်ပုံကျော်နှင့် အရှေ့တောင်အာရှတွင် ထက်ဝက်ခန့်အထိ ထောက်ပံ့ပေးထား ကြောင်း၊ သန်းပေါင်းများစွာသော လုပ်ကွက်ငယ်တောင်သူများအတွက် ဆန်စပါးသည် အစား အစာတစ်ခု အဖြစ်သာမက ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတစ်ခုလည်းဖြစ်ကြောင်း၊ ယနေ့ခေတ်တွင် ပြင်းထန်ဆိုးဝါးသည့်ရာသီဥတုအခြေအနေနှင့် ပတ်ဝန်းကျင်ထိခိုက်ပျက်စီးခြင်း တို့သည် အသက်မွေးဝမ်းကျောင်းမှုအပေါ် ပိုမိုခြိမ်းခြောက်လျက်ရှိကြောင်း အာရှဖွံဖြိုးရေးဘဏ်၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ Fatima Yasmin က ပြောကြားခဲ့ပါသည်။

      အာရှဖွံ့ဖြိုးရေးဘဏ်နှင့် အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေးသုတေသနစင်တာတို့အနေဖြင့် Gates ဖောင်ဒေးရှင်း၏ ကြေးထောက်ပံ့မှု အကူအညီဖြင့် သီးနှံသန့်စင်မှုဆိုင်ရာ အဆောက်အအုံ များကို တည်ထောင်လျက် ရာသီဥတုဒဏ်ခံနိုင်ပြီး အထွက်နှုန်းမြင့်မားသည့်  သီးနှံစိုက်ပျိုးမှု အလေ့အများကို ကျင့်သုံးစေရေး တွန်းအားပေး ဆောင်ရွက်မည်ဖြစ်သည်။ ထို့အပြင် ရေအသုံးချမှု တည်တံ့ခိုင်မြဲရေးနှင့် တန်ဖိုးမြှင့်ထုတ်လုပ်မှုကွင်းဆက်များ ပါဝင်မှုရှိစေရေးအတွက် အသိပညာ ဖြန့်ဝေပေးသွားမည်ဖြစ်ပြီး ဒေသတွင်းဆင်းရဲနွမ်းပါးသည့် ပြည်သူများအတွက် အာဟာရပြည့်ဝစွာ ရရှိရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

     ထိုသို့ပူးပေါင်းဆောင်ရွက်မှုသည် အာရှဖွံ့ဖြိုးရေးဘဏ်နှင့် မဟာဗျူဟာမြောက်ပူးပေါင်းမှု ကို ခိုင်မာလာစေပြီး ဆန်စပါးကဏ္ဍတွင် အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေးသုတေသနစင်တာ၏ တီထွင်ဆန်းသစ်မှုကိုပါ တိုးတက်စေနိုင်မည်ဖြစ်ကြောင်း၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အာရှဒေသ၏ ဆန်စပါးကဏ္ဍအား စဉ်ဆက်မပြတ်တိုးတက်ပြီး ကြံ့ကြံ့ခံနိုင်စွမ်းရှိသည့် အသွင် ကူးပြောင်းမှု ဖြစ်ပေါ်လာစေရေး လုပ်ဆောင်နိုင်မည်ဖြစ်ပြီး ပစ္စုပ္ပန်နှင့် အနာဂတ်တွင် လုပ်ကွက်ငယ် တောင်သူသန်းပေါင်းများစွာ၏ လူမှုဘဝများကို ပြောင်းလဲလာစေမည်ဖြစ်ကြောင်း IRRI ညွှန်ကြားရေးမှူးချုပ် Yvonne Pinto ကပြောကြားခဲ့ပါသည်။

    အဆိုပါအဖွဲ့အစည်းများအနေဖြင့် ဖိလစ်ပိုင်နိုင်ငံအပြင် ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား၊ ပါကစ္စတန်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံများတွင်လည်း ကနဦးစီမံချက်များ ဆောင်ရွက်လျက်ရှိ ကြောင်း သိရှိရပါသည်။

Source : Manila Times, 10 Jun, 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)