
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ ပဲဈေးကွက်တွင် ပြည်တွင်းစားသုံးမှု မြင့်မားလျက် ရှိသော စားတော်ပဲများ ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။ သီးနှံပေါ်ချိန် ယခု ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ(စတုတ္ထပတ်) အစောပိုင်းမှစ၍ ယောနယ်ဒေသထွက် စားတော်ပဲ (အသစ်)များ ပွဲရုံဈေးကွက်တွင် စတင်ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက်သို့ စားတော်ပဲ စိုက်ပျိုးမှုများသော ပခုက္ကူ၊ မြစ်ခြေ၊ ကမ္မ၊ ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ကျောက်ထု၊ လောင်းရှည်ဒေသများနှင့် ပေါက်၊ ဆိပ်ဖြူမြို့မှ ထွက်ရှိသော စားတော်ပဲများ ပွဲရုံများသို့ နေ့စဉ် ဝင်ရောက်ကြောင်း၊ သီးနှံ (အသစ်)ပေါ်ချိန်တွင် ဈေးအေး၍ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ပြည်တွင်း စားသုံးမှု များ၍ စားတော်ပဲ ဈေးတရိပ်ရိပ်မြင့်တက်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။
ဈေးနှုန်းအနေဖြင့် ၂၀၂၅ခုနှစ်၊ ဇွန်လ(ပထမပတ်)တွင် စားတော်ပဲ တစ်တင်းလျှင်ကျပ် (၁၆၅၀၀၀- ၁၅၀၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ပြီး ယခင်မေလ(ပထမပတ်)တွင် စားတော်ပဲ တစ်တင်းလျှင် ကျပ် (၁၃၆၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ ဈေးနှုန်းနှိုင်းယှဉ်ပါက (၁)လ အတွင်း စားတော်ပဲ တစ်တင်းလျှင် ကျပ်(၂၉၀၀၀)ခန့်ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း၊ နှစ်အလိုက် ကာလတူ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခင်နှစ်သီးနှံပေါ်စ စားတော်ပဲတစ်တင်းလျှင် ကျပ်(၁၂၀၀၀၀) ဈေးဖြင့် အရောင်းအဝယ်ဖြစ်၍ ယခင်နှစ်ထက် စားတော်ပဲတစ်တင်းလျှင် ကျပ်(၃၀၀၀၀)ခန့် ဈေးမြင့်တက်လာကြောင်း၊ အရောင်းအဝယ်ဖြစ်မှုအနေဖြင့် ပွဲရုံဈေးကွက်သို့ တစ်ရက်လျှင် ကျွန်းစားတော်ပဲ သီးနှံ(အသစ်) ပိဿာ(၃၀)ဝင် အိတ် (၂၀) မှ (၃၀) ထိ ဝင်ရောက် အရောင်းအဝယ်ဖြစ်ကြောင်း၊ ပြည်တွင်းစားသုံးမှုအနေဖြင့် မြန်မာလူမျိုးများသည် စားတော်သီးနှံကို မြန်မာ့ရိုးရာအစားအစာအဖြစ် နေ့စဉ် စားတော်ပဲပြုတ်ကို နံနက်စောစာ စားသုံးခြင်းအပြင် လုပ်ငန်းရှင်များမှလည်း စားတော်ပဲလုံးကြော်ပြုလုပ်ပြီး တန်ဖိုးမြှင့် ထုတ်ကုန်အဖြစ် ထုတ်လုပ် ရောင်းချလျက်ရှိ၍ တစ်နှစ်ပတ်လုံးစားသုံးသည့် သီးနှံတစ်မျိုးဖြစ်ပြီး အရောင်းအဝယ်သွက်လျက်ရှိကြောင်း၊ ဈေးကွက်သို့ ယောနယ်ဒေသနှင့် ဧရာဝတီမြစ်ဝကျွန်းဒေသထွက် စားတော်ပဲများ အများဆုံးဝင်ရောက်ကြောင်း သိရှိရသည်။
DOCA(မကွေး)