
မကွေးတိုင်းဒေသကြီး၊ပခုက္ကူခရိုင် ကြက်သွန်နီ စိုက်ပျိုးရာဒေသများဖြစ်သော ပေါက်၊ ဆိပ်ဖြူ၊ ကမ္မ၊ ရေပြာတို့မှ ဆောင်းစိုက် (ပင်စိုက်) ကြက်သွန်နီများကို စိုက်ပျိုးထုတ်လုပ်လျက် ရှိပါသည်။ ပခုက္ကူ ကြက်သွန်နီကုန်စည်ဒိုင်သို့ ပခုက္ကူမြို့နယ်အတွင်းရှိ ကျွန်းနယ်များသာမက ရေနံချောင်း၊ မန္တလေးတိုင်း၊ ညောင်ဦးခရိုင်အတွင်းရှိ ကျေးရွာများမှလည်း ဥပုသ်နေ့မှလွဲ၍ အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ ပခုက္ကူကြက်သွန်နီ ဈေးကွက်အနေဖြင့် ယခုတစ်ပတ်တွင် ဈေးငြိမ်နေပြီး တစ်ရက်လျှင် ကုန်ချိန်(၈၀၀၀၀) မှ (၁၀၀၀၀၀)ထိ အရောင်းအဝယ်ဖြစ်ကြောင်း ဈေးကွက်သို့ ယခင်အပတ်ထက် ကုန်ဝင်ရောက်မှုမှာ များလျက်ရှိလာကြောင်း သိရှိရသည်။
၂၀၂၅ခုနှစ်၊ မေလ(တတိယပတ်)တွင် ကြက်သွန်နီ ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်ခဲ့သောဈေးနှုန်းမှာ တစ်ပိဿာလျှင် ထိပ်စ ကျပ်(၁၃၀၀)၊ အလတ် ကျပ်(၁၀၀၀)၊ အနိမ့်စ ကျပ်(၈၀၀) ဖြစ်ပြီး ယခင်ဧပြီလ(တတိယပတ်)တွင် တစ်ပိဿာလျှင် ထိပ်စ ကျပ် (၁၄၅၀) အလတ်စ ကျပ် (၁၁၀၀)၊ အနိမ့်စ ကျပ် (၉၀၀) ဖြစ်၍ မေလ (တတိယပတ်)နှင့် ဧပြီလ(တတိယပတ်)တို့ နှိုင်းယှဉ်ပါ ကတစ်ပိဿာလျှင် ကျပ်(၁၅၀)ခန့် ဈေးကျပြီး အရောင်းအဝယ် ဖြစ်ကြောင်း၊ တစ်ပတ်အတွင်း အရောင်းအဝယ် ဖြစ်ခဲ့သော ကုန်ချိန်မှာ ပိဿာချိန်(၄၇၀၀၀၀)ခန့်ဖြစ်ပြီး တင်ပို့မှုအနေဖြင့် ရန်ကုန်၊ ဟင်္သာတနှင့် မြဝတီမြို့များသို့ နေ့စဉ်တင်ပို့နေကြောင်း ကုန်သည်များထံမှ သိရှိရသည်။
ပခုက္ကူမြို့မစည်ပင်ဈေးနှင့် အမှတ်(၂)ဈေးတွင် ရောင်းချနေသော ကြက်သွန်နီ လက်လီဈေးမှာ တစ်ပိဿာလျှင် အမြင့်ဈေး ကျပ်(၁၆၀၀) မှ အနိမ့်ဈေး ကျပ်(၁၀၀၀)ထိ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။
DOCA(မကွေး)