
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ သရက်ကုန်းကျေးရွာတွင် အိမ်ခြေ၄၀၀ ကျော်ရှိသည့်အနက် မိရိုးဖလာလုပ်ငန်းဖြစ်သည့် ဝါးခမောက်လုပ်ငန်းကို ၉၅ရာခိုင်နှုန်းခန့် လုပ်ကိုင်လျက်ရှိပါသည်။ ဝါးခမောက်လုပ်ကိုင်ရာတွင် ဝါးပိုးဝါး၏ဝါးဖတ်ကို အဓိကကုန်ကြမ်းအဖြစ် အသုံးပြုပြီး ခွေတင်ရန်အတွက် သိုက်ဝါး၊ ဝါးကြီးတို့ကို လိုအပ်သလိုပုံဖော်ရန်နှင့် ပျော့ပျောင်းရန် ရေထဲမှာ၄၅ရက်စိမ်ပြီး ခိုင်ခံ့ရန်ပျားဖယောင်းသုတ်ထားသောအပ်ချည်ကိုအသုံးပြုချုပ်လုပ်၍အကြမ်းထည်မှ အချောထည်ရရှိသည့်အထိ အဆင့်ဆင့်ပြုလုပ်ရသည့်ရိုးရာလက်မှုလုပ်ငန်းဖြစ်ပါသည်။ မိမိ ဒေသထွက်ကုန်ကြမ်းဝါးဖတ်များအပြင် နီးစပ်ရာဒေသများဖြစ်သော ကလော၊ တီကျစ်၊ ရပ်စောက်၊ ရွာငံ၊ တောင်ပေါ်ကြီး ဒေသများမှလည်းကုန်ကြမ်းများရယူပြီး ကုန်ချောများပြန်လည်ရောင်းချလျက် ရှိပါသည်။ တောင်ယာလုပ်ငန်းတွင်အဓိကအသုံးပြုသောဝါးခမောက် အကြမ်းဆောင်း အမျိုးသား၊ အမျိုးသမီးဆောင်းတစ်ချပ်လျှင်၂၀၀၀ကျပ်မှ၂၅၀၀ကျပ်ဝန်းကျင်ရှိပြီး အကြမ်းထည်ကို ဘော်ကြယ်၊ ကာလာဆေးရောင်စုံများနှင့် အသေးစိတ်ဝါးချောင်းများဖြင့် ပြန်လည်အလှဆင်ထားသော (အချော) တစ်ချပ်လျှင် ၃၅၀၀ကျပ်မှ၄၀၀၀ကျပ်အထိရောင်းချလျက်ရှိပါသည်။ အသေးစိတ်ပုံဖော်အလှဆင်ထားသော ရောင်စုံဝါးခမောက်များကို ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ ဒေသထွက်လက်ဆောင် ပစ္စည်းအရောင်းဆိုင်များနှင့် ရိုးရာပွဲတော်များတွင် Decoration ပြုလုပ်ရန် အလှဆင်အသုံးပြုကြပြီး ဒေသတွင်းသာမက မန္တလေး၊ မိတ္ထီလာ၊ ရပ်စောက်နှင့် မြန်မာနိုင်ငံ့အနှံ့အပြားသို့ ခမောက်အချပ်ရေ ၅၀ချပ်ကိုတစ်တွဲစီး၍ လက်လီလက်ကားဖြန့်ဖြူးရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ ယခုအခါ သရက်ကုန်းကျေးရွာတွင် နှစ်စဉ်ဝါးခမောက်အလုံးရေ လေးသိန်းမှ ငါးသိန်းကျော်အထိ ထုတ်လုပ်လျက်ရှိပြီး ဝါးခမောက်အကြမ်းသုံးသည် အကြမ်းသုံးဆိုသည့်အတိုင်း အကြမ်းခံပြီး စိုက်ပျိုးရေး လုပ်ကိုင်ရာတွင် တောင်သူများအတွက် လေဒဏ်၊ မိုးဒဏ်၊ နေဒဏ်ကာကွယ်ပေးသည့် မရှိမဖြစ်လို အပ်သောအရာဖြစ်ပြီး ရိုးရာလက်မှုပစ္စည်းဖြစ်သည်နှင့်အညီရိုးရာပွဲများတွင်လည်းကောင်း၊ အလှဆင် ရန်တွင်လည်းကောင်း၊ လက်မှုပစ္စည်းမြတ်နိုးသူများလည်းကြိုက်နှစ်သက်ကြ၍လည်းကောင်းအချော ရောအကြမ်းပါ ကြိုက်နှစ်သက်သူများပြားသော အသုံးအဆောင်ပစ္စည်းဖြစ်သည့် မိရိုးဖလား တစ်နိုင် တစ်ပိုင်အသေးစားလုပ်ငန်းဖြစ်၍ ပြည်တွင်းဖြစ် ဓနုဒေသထွက် သရက်ကုန်း ဝါးခမောက်လုပ်ငန်းသည် ရေရှည်ရပ်တည်နေနိုင်ခြင်းဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။
DOCA(ရှမ်း)