Main menu

ပဲမျိုးစုံသိုလှောင်မှု အပတ်စဉ်တင်ပြစေရေး ကြပ်မတ်ရန် ပြည်နယ်များသို့ အိန္ဒိယအစိုးရညွှန်ကြား

Powered by Drupal

   အိန္ဒိယနိုင်ငံတွင် ပဲမျိုးစုံရောင်းဝယ်မှုလုပ်ငန်း၌ ပါဝင်လုပ်ဆောင်သူများအနေဖြင့် ၎င်းတို့ လက်ဝယ်တွင် သိုလှောင်ထားရှိသော ပဲမျိုးစုံလက်ကျန်ပမာဏကို အစိုးရ၏ အချက်အလက် စင်္ကြန်စနစ်သို့ အပတ်စဉ် တင်ပြစေရေး ကြပ်မတ်ရန်နှင့် ထိုသို့ တင်ပြသည့် ပဲလက်ကျန်ပမာဏ မှန်ကန်မှုကို စစ်ဆေးအတည်ပြုရန် ပြည်နယ်/ ပြည်ထောင်စုနယ်မြေ အစိုးရအဖွဲ့များသို့ အိန္ဒိယ ဗဟိုအစိုးရက ၁၀-၄-၂၀၂၄ နေ့တွင် ညွှန်ကြားခဲ့ကြောင်း သိရှိရသည်။

   အဓိကဆိပ်ကမ်းများရှိ သိုလှောင်ရုံများနှင့် ပဲမျိုးစုံလုပ်ငန်း ဗဟိုအချက်အချာဒေသများတွင် သိုလှောင်ထားရှိသော ကုန်စည်လက်ကျန်ပမာဏကို အခါအားလျော်စွာ တိုက်ဆိုင်စစ်ဆေးမှု ပြု လုပ်ရမည်ဖြစ်ကြောင်း၊ အချက်အလက်စင်္ကြန်သို့ ကုန်လက်ကျန်ပမာဏကို မှန်ကန်စွာတင်ပြခြင်း မရှိကြောင်း စစ်ဆေးတွေ့ရှိရပါက သက်ဆိုင်သည့် လုပ်ငန်းရှင်အား ထိရောက်စွာ အရေးယူရန် ဖြစ် ကြောင်း အစိုးရ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

    ဈေးကွက်အတွင်း သိုလှောင်ဈေးကစားခြင်းနှင့် ကြိုးကိုင်ချယ်လှယ်ခြင်းတို့ကို တားဆီး ကာကွယ်နိုင်ရန်အတွက် ပဲမျိုးစုံ၏ ကုန်လက်ကျန်နှင့် ဈေးနှုန်းများပြောင်းလဲမှုတို့ကို သတိပြု စောင့်ကြည့်ရန် လိုအပ်မည်ဟု  အိန္ဒိယ စားသုံးသူရေးရာဦးစီးဌာနမှ အတွင်းဝန် Ms. Nidhi Khare က ပြည်နယ်/ ပြည်ထောင်စုနယ်မြေများရှိ စားသုံးသူရေးရာ၊ စားနပ်ရိက္ခာနှင့် ပြည်သူ့ထောက်ပံ့ ရေး ဦးစီးဌာနများမှ ပြည်နယ်အဆင့် အတွင်းဝန်များသို့ အသိပေးပြောကြားခဲ့သည်။

    ပြည်နယ်/ ပြည်ထောင်စုနယ်မြေများရှိ အာဏာပိုင်များအနေဖြင့် အဓိက ပဲ ၅ မျိုးဖြစ်သော ပဲစင်းငုံ၊ မတ်ပဲ၊ ကုလားပဲ၊ ပဲနီလေးနှင့် ပဲတီစိမ်းတို့အပြင် ပြည်ပမှတင်သွင်းလာသော စားတော်ပဲ များ၏ ကုန်လက်ကျန်အခြေအနေကိုလည်း စောင့်ကြည့်ကြပ်မတ်မှု လုပ်ဆောင်ရမည်ဖြစ်သည်။

    အတွင်းဝန် Ms. Khare သည် ပဲမျိုးစုံ တင်သွင်းသည့် ကုန်သည်အသင်းများ၊ ပဲမျိုးစုံ ရောင်း ဝယ်ရေးလုပ်ငန်းနယ်ပယ်မှ ကိုယ်စားလှယ်များနှင့်လည်း အစည်းအဝေးတစ်ရပ်ကျင်းပလျက် ပဲမျိုးစုံတင်သွင်းမှုနှင့် သိုလှောင်မှုအချက်အလက်များတင်ပြမှုတို့နှင့် စပ်လျဉ်းသည့်ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့သည်။ အဆိုပါ အစည်းအဝေး၌ ကုန်သည်လုပ်ငန်းရှင်များအနေဖြင့် ပြည်ပမှ တင်သွင်းလာသော စားတော်ပဲအပါအဝင် ပဲမျိုးစုံကုန်လက်ကျန်ပမာဏကို အပတ်စဉ် မပျက် မကွက် တင်ပြရန် ညွှန်ကြားခဲ့သည်။ သို့ဖြစ်ရာ အိန္ဒိယစားသုံးသူရေးရာဦးစီးဌာနသည် ကုန်စည် အချက်အလက်စင်္ကြန်စနစ် https://fcainfoweb.nic.in/psp/ ၌ စားတော်ပဲကို ထည့်သွင်းနိုင်ရေး နှင့်  အကြီးစား လက်လီ‌ရောင်းဝယ်ရေး လုပ်ငန်းများသည်လည်း အဆိုပါစနစ်တွင် ပါဝင်ပြီး ၁၅-၄-၂၀၂၄ နေ့မှစတင်၍ ပဲလက်ကျန်စာရင်းကို တင်ပြစေရေး ပြင်ဆင်မွန်းမံမှုများ လုပ်ဆောင်ခဲ့သည်။

    အိန္ဒိယအစိုးရသည် ဈေးကွက်အတွင်း ပဲမျိုးစုံရရှိနိုင်မှုကို မြှင့်တင်ရန်အတွက် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့မှ ၂၀၂၄ ခုနှစ် ဇွန်လ ၃၀ ရက်နေ့အထိ စားတော်ပဲများကို တင်သွင်းရန် ခွင့်ပြုထားသည်။ တင်သွင်းလာသည့် စားတော်ပဲ၊ ပဲစင်းငုံ၊ မတ်ပဲနှင့် ပဲနီလေးတို့ကို ဈေးကွက်အတွင်းသို့ စဉ်ဆက်မပြတ် ဖြန့်ဖြူးရောင်းချစေရေး သေချာခိုင်မာအောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း အတွင်းဝန် Ms. Khare က အလေးပေးပြောကြားခဲ့သည်။

Source: The Hindu Business Line, 10 Apr 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)