Telsa မှ အိန္ဒိယနိုင်ငံတွင် အမေရိကန်ဒေါ်လာ (၂) ဘီလီယံမှ (၃)ဘီလီယံထိ ရင်းနှီးမြှုပ်နှံမည့် လျှပ်စစ်ကားစက်ရုံတည်ဆောက်မည့်နေရာအတွက် လေ့လာရန်အဖွဲ့ကို ဧပြီလ နောက်ဆုံးပတ်တွင် စေလွှတ်သွားမည်ဖြစ်သည်။ Telsa သည် ၎င်းတို့၏ အဓိကစျေးကွက်ဖြစ်သည့် အမေရိကန်နှင့်တရုတ်နိုင်ငံတို့တွင် ယှဥ်ပြိုင်ဘက်ကုမ္ပဏီများစွာရှိသောကြောင့် ၂၀၂၄ခုနှစ်၊ ပထမ(၃)လပတ်ကာလ ရောင်းအားကျဆင်းလာသည့်အချိန်တွင် အိန္ဒိယနိုင်ငံစျေးကွက်သို့ဝင်ရောက်ရန် ကြိုးပမ်းလာခြင်းဖြစ်ကြောင်းသိရပါသည်။ အိန္ဒိယနိုင်ငံသည် လွန်ခဲ့သည့်လတွင် အနည်ဆုံးအမေရိကန်ဒေါ်လာသန်း (၅၀၀) ရင်းနှီးမြှုပ်နှံထားခဲ့ပြီး (၃)နှစ် အတွင်း လျှပ်စစ်ကားထုတ်လုပ်မှုစတင်မည့် ကုမ္ပဏီများအတွက် အခွန်များလျှော့ချပေးခဲ့ပါသည်။ Telsa သည် အိန္ဒိယနိုင်ငံစျေးကွက်သို့ဝင်ရောက်ရန် လွန်ခဲ့သည့်နှစ်များ အတွင်းကတည်းက ကြိုးပမ်းနေခဲ့ခြင်းဖြစ်ပြီး အိန္ဒိယအစိုးရမှာ ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်ရန် ကတိကဝတ်အလိုရှိခဲ့ပါသည်။ အိန္ဒိယနိုင်ငံ၏ လျှပ်စစ်ကားစျေးကွက်မှာ သေးငယ်သော်လည်း တိုးတက်ကြီးထွားလာလျက်ရှိပြီး စျေးကွက်ကို ပြည်တွင်းကားကုမ္ပဏီဖြစ်သည့် Tata ကလွှမ်းမိုးထားပါသည်။၂၀၂၃ခုနှစ်တွင် အိန္ဒိယနိုင်ငံကားရောင်းချမှုစုစုပေါင်း၏ (၂)ရာခိုင်နှုန်းမှာ လျှပ်စစ်ကားများဖြစ်ပြီး အစိုးရမှာ ၂၀၃၀ပြည့်နှစ်တွင် (၃၀)ရာခိုင်နှုန်းထိတိုးတက်လာရန် ပစ်မှတ်ထားလျက်ရှိပါသည်။ Telsa အိန္ဒိယစျေးကွက်သို့ ဝင်ရောက်လာမှုမှာ ပြည်တွင်းကားပစ္စည်းထုတ်လုပ်သူများကို အကျိုးရှိစေမည်ဖြစ်ကြောင်း အကဲခတ်သူများကဆိုကြပါသည်။ လွန်ခဲ့သည့်နှစ် ဇွန်လတွင် Telsa ၏ CEO အီလွန်မတ်စ်သည် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီနှင့်အစည်းအဝေးပြုလုပ်ခဲ့ပြီး ကုမ္ပဏီမှ အိန္ဒိယနိုင်ငံတွင် တစ်စီးလျှင် အမေရိကန်ဒေါ်လာ (၂၄၀၀၀)တန်ဖိုးရှိသည့် ကားများထုတ်လုပ်မည့်စက်ရုံကို တည်ဆောက်သွားရန် စိတ်ဝင်စားသည်ဟုပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ရန်ကုန်)