Main menu

၂၀၂၄ ခုနှစ် ပထမ ၃ လအတွင်း ထိုင်းနိုင်ငံမှ ဆန်တန်ချိန် ၂.၅ သန်း တင်ပို့ခဲ့

Powered by Drupal

     ထိုင်းနိုင်ငံ၌ ၂၀၂၄ ခုနှစ် ပထမသုံးလအတွင်း ဆန်တင်ပို့မှုသည် တန်ချိန် ၂.၅ သန်းရှိပြီး ၂၀၂၃ ခုနှစ် ပထမသုံးလပတ်တွင် မှတ်တမ်းတင်ထားသော အရေအတွက်ထက် တန်ချိန် ၅၀၀,၀၀၀ ပိုမိုခဲ့ကြောင်း၊ ယခုနှစ် ဆန်တင်ပို့မှုမှာ တန်ချိန် ၈ သန်းအထိ ရောက်ရှိနိုင်ဖွယ် အလားအလာရှိမှုနှင့်အတူ ရည်မှန်းထားသည့် ဆန်တန်ချိန် ၇.၅ သန်း တင်ပို့ရန်လျာထားချက်ကို အပြည့်အဝရရှိမည်ဟု ၎င်းအနေဖြင့် ယုံကြည်ကြောင်းနှင့် ပြည်တွင်း ပြည်ပ အခြေအနေ နှစ်ခုလုံးသည် လယ်ယာထွက်ကုန် အထွက်ကောင်းမွန်မှုကို အထောက်အပံ့ပြုလျက်ရှိကြောင်းဖြင့် အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ Chai Watcharonke က ပြောကြားခဲ့သည်။

    အစိုးရ၏ ထိရောက်သော ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေး ကြိုးပမ်းမှုများ၊ ထိုင်းဆန်၏ ပင်ကိုယ် အရည်အသွေးထိန်းသိန်းနိုင်မှု၊ အချိန်မီတင်ပို့မှုနှင့် အရည်အသွေးကောင်းမွန်မှုတို့နှင့် အတူ ဝယ်ယူသူများအကြား ယုံကြည်မှု တိုးမြင့်လျက် ယခုနှစ်တွင် ထိုင်းဆန်ဝယ်ယူမှုမှာ မြင့်မား လာခဲ့သည်။

    ထိုင်းဝန်ကြီးချုပ် Srettha Thavisin က ဝယ်ယူသူများနှင့် ယုံကြည်မှုတည်ဆောက်ရန်၊ စေ့စပ်ညှိနှိုင်းမှုများပြုလုပ်ရန် တွန်းအားပေးခဲ့ပြီး ပို့ကုန်လုပ်ငန်းဆောင်ရွက်မှုကို လွယ်ကူမြန်ဆန်စေရန်အတွက် အစိုးရအေဂျင်စီများ၏ တင်းကျပ်စွာ စောင့်ကြည့်ခြင်းနှင့် နောက်ဆက်တွဲ လိုက်ပါ လုပ်ဆောင်ခြင်းတို့မှာ အရေးပါကြောင်း အလေးထားပြောကြားထားသည်။ ထိုသို့ တွန်းအားပေးမှု က ယခုနှစ် ပထမသုံးလပတ်တွင် ပို့ကုန်ကိန်းဂဏန်းများတွင် သက်သေပြထားသည့်အတိုင်း အပြု သဘောဆောင်သော ရလဒ်များကို ထင်ရှားစွာ ထွက်ပေါ်လာစေခဲ့သည်။ ထို့အပြင် ထိုင်းကုန်စည် အများအပြား၏ ဈေးနှုန်းများသည် မကြုံဖူးသည့်အဆင့်သို့ မြင့်တက်လာခဲ့သည်။

      လယ်သမားများနှင့် ပြည်သူများအတွက် အကျိုးရှိစေရန် အစိုးရက ဤကဲ့သို့သော စံနှုန်းများကို ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း တောင်သူများအား အာမခံကြောင်းဖြင့် Mr. Chai မှ ပြောကြားခဲ့သည်။

Source: Vietnam Plus, March 31, 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)