Main menu

မလေးရှားနိုင်ငံတွင် အစိုးရလုပ်ငန်းများ၌ တင်သွင်းလာသည့် ဆန်များကိုသာ အသုံးပြုမည်

Powered by Drupal

     မလေးရှားနိုင်ငံတွင် ပြည်တွင်း၌ စိုက်ပျိုးထုတ်လုပ်သည့်ဆန်များကို ပြည်သူများ ပိုမို ဝယ်ယူရရှိနိုင်စေရေးအတွက် အစိုးရဌာနအဖွဲ့အစည်းများဖြစ်သည့် ကာကွယ်ရေးဝန်ကြီးဌာန၊ ရဲဌာန၊ ကျောင်းများ၊ အဆောင်များနှင့် ဆေးရုံများတွင် ပြည်ပမှတင်သွင်းလာသောဆန်များကိုသာ အသုံးပြုရန် အစိုးရက ဆုံးဖြတ်ခဲ့ကြောင်း သိရှိရသည်။

    မလေးရှားဝန်ကြီးချုပ် Anwar Ibrahim က အဆိုပါအဖွဲ့အစည်းများအနေဖြင့် ပြည်တွင်းမှ ထွက်ရှိသော ဆန်များအစား ပြည်ပမှတင်သွင်းသောဆန်များကို အသုံးပြုကြမည်ဆိုပါက ပြည်သူ များသည် ပြည်တွင်းထွက်ဆန်များကို လုံလောက်စွာဝယ်ယူရရှိနိုင်မည်ဖြစ်ကြောင်း၊ ပြည်ထောင်စု လယ်ယာထွက်ကုန် ဈေးကွက်ရှာဖွေရေး အာဏာပိုင်အဖွဲ့နှင့် လယ်သမားအဖွဲ့အစည်း အာဏာပိုင် ရုံးများသို့ ပြည်တွင်းရှိ ဆန်စက်များမှ ဆန်များကို ပေးသွင်းစေလျက် ပြည်သူများထံ ရောင်းချ သွားနိုင်ရေးအတွက် နည်းလမ်းရှာဖွေဆောင်ရွက်သွားရန် လယ်ယာစိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာ ဖူလုံရေးဝန်ကြီးဌာန၏ အထွေထွေ အတွင်းရေးမှူးအား ညွှန်ကြားထားပြီးဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။

     ပြည်တွင်းဆန်ထုတ်လုပ်နိုင်မှုမှာ ကန့်သတ်ချက်ရှိပြီး လုံလောက်မှုမရှိသဖြင့် အစိုးရဌာန အဖွဲ့အစည်းများအနေဖြင့် ပြည်ပမှ တင်သွင်းသောဆန်များကိုသာ အသုံးပြုစေရေး ညွှန်ကြားချက် အသစ်တစ်ရပ် ထုတ်ပြန်ရန် လိုအပ်မည်ဟု နိုင်ငံပိုင် Bernama သတင်းဌာနက ဖော်ပြခဲ့သည်။ လယ်ယာစိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေး ဝန်ကြီး Mohamad Sabu က ဆန်ဖြန့်ဖြူး ရောင်းချမှု လုပ်ငန်း၌ ပါဝင်ပတ်သက်မှုရှိသော မည်သည့် အစိုးရဌာနအဖွဲ့အစည်းမဆို ၁-၄-၂၀၂၄ နေ့မှ စတင်၍ တင်သွင်းသောဆန်များကိုသာ အသုံးပြုကြရမည်ဖြစ်ကြောင်း မတ်လ ၂၅ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့ပါသည်။

Source: Free Malaysia Today, 1 April 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)