Main menu

၂၀၂၃-၂၄ ဘဏ္ဍာနှစ်၌ အိန္ဒိယ၏ ကော်ဖီတင်ပို့မှု တန်ချိန်ကျဆင်းသော်လည်း တန်ဖိုးတိုးတက်

Powered by Drupal

     ကမ္ဘာ့ကော်ဖီဈေးကွက်၌ ရိုဘတ်စတာကော်ဖီစေ့ ဈေးနှုန်းများမြင့်တက်လျက်ရှိမှုနှင့်အတူ ၂၀၂၄ ခုနှစ် မတ်လတွင် ကုန်ဆုံးသည့် ဘဏ္ဍာရေးနှစ်အတွင်း အိန္ဒိယ၏ ကော်ဖီပို့ကုန် တင်ပို့မှု တန်ဖိုးမှာ စံချိန်အသစ်တင်ပြီး မြင့်တက်ခဲ့ကြောင်း သိရှိရသည်။

     အိန္ဒိယနိုင်ငံ၏ ၂၀၂၃-၂၄ ဘဏ္ဍာနှစ်အတွင်း ကော်ဖီပို့ကုန်တင်ပို့မှုမှာ ၃၈၈၀၄၈ တန် ရှိပြီး ယခင်ဘဏ္ဍာနှစ်၌ တင်ပို့နိုင်မှု တန်ချိန် ၃၉၈၉၇၄ တန်အပေါ် ၂.၅% ခန့် လျော့ကျခဲ့သော်လည်း တန်ဖိုးအားဖြင့် ၃ နှစ်ဆက်တိုက် စံချိန်တင်မြင့်တက်လာခဲ့ကြောင်း၊ ဒေါ်လာငွေ တန်ဖိုးဖြင့် ၂၀၂၂-၂၃ ခုနှစ်တွင် ရရှိခဲ့သော ၁.၁၂ ဘီလီယံအပေါ် ၁၂.၅% တိုးတက်လျက် ဒေါ်လာ ၁.၂၆ ဘီလီယံ ရရှိခဲ့ ကြောင်း၊ အလားတူ အိန္ဒိယရူပီးငွေတန်ဖိုးဖြင့် ယခင်ဘဏ္ဍာနှစ်၌ တင်ပို့နိုင်မှု ရူပီး ၉၀၃၃ ကုဋေ အပေါ် ၁၆% တိုးတက်လျက် ၂၀၂၃-၂၄ ခုနှစ်တွင် ရူပီး ၁၀၄၉၁ ကုဋေအထိ ဝင်ငွေရရှိခဲ့ခြင်း ဖြစ် ကြောင်း Hindu Business Line သတင်းဌာနက ဖော်ပြပါသည်။

     ဗီယက်နမ်နှင့် ဘရာဇီး တို့ကဲ့သို့သော ထိပ်တန်း ကော်ဖီစိုက်ပျိုးထုတ်လုပ်သည့် နိုင်ငံများ၌  ထုတ်လုပ်မှုလျော့နည်းလျက် ရောင်းလိုအားကျဆင်းနေမှုအရ ကမ္ဘာ့ ရိုဘတ်စတာကော်ဖီ ဈေးနှုန်း များသည် ဆယ်စုနှစ် ၃ ခုအတွင်း အမြင့်မားဆုံးသို့ ရောက်ရှိနေခဲ့သည်။ ဤအခြေအနေ၌ ရိုဘတ်စတာ ကော်ဖီမျိုးကို ကျယ်ပြန့်စွာ စိုက်ပျိုးထုတ်လုပ်သော အိန္ဒိယနိုင်ငံအနေဖြင့် အခွင့် အလမ်းကို ရယူလုပ်ဆောင်နိုင်ခဲ့သည်။ အကျိုးဆက်အားဖြင့် အိန္ဒိယပို့ကုန်လုပ်ငန်းရှင်များသည် ကော်ဖီစေ့ ၁ တန်လျှင် ယခင်ဘဏ္ဍာနှစ်၌ ရူပီး ၂.၂၆ သိန်းခန့် ဈေးနှုန်းရရှိခဲ့ရာမှ ၂၀၂၃-၂၄ ခုနှစ် တွင် ၂၀% ခန့် မြင့်တက်လျက် ရူပီးငွေ ၂.၇ သိန်းကျော် နှုန်းထားကို ရရှိခဲ့ကြသည်။

       အိန္ဒိယ ကော်ဖီလုပ်ငန်းကြီးကြပ်မှုအဖွဲ့၏ အတွင်းရေးမှူးနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ K G Jagadeesha က အိန္ဒိယကော်ဖီအတွက် ဈေးကွက်ဈေးနှုန်း ကောင်းမွန်မှုနှင့်အတူ ဘရာဇီးနှင့် ဗီယက်နမ်တို့၌ ရောင်းလိုအားအပိုင်း ပြတ်လပ်မှုက ပို့ကုန်တိုးတက်စေရေးကို အထောက်အပံ့ပြုခဲ့ ကြောင်း၊ လွန်ခဲ့သော ၃ နှစ်အတွင်း အိန္ဒိယ၏ ကော်ဖီပို့ကုန် အရေအတွက် တိုးတက်လာခဲ့ရာတွင် အသင့်သောက်သုံးနိုင်သော ကော်ဖီထုတ်ကုန်များ တင်ပို့မှုမှာ အဓိကအခန်းကဏ္ဍမှ ပါဝင်ကြောင်း ပြောကြားခဲ့သည်။

    အိန္ဒိယနိုင်ငံသည် ပြည်တွင်းစိုက်ပျိုးထုတ်လုပ်မှု၏ သုံးပုံနှစ်ပုံခန့်ရှိသော ကော်ဖီ တန်ချိန် ၃.၅ သိန်းကျော်ကို ပြည်ပသို့ တင်ပို့သည့်အပြင် ဈေးနှုန်းသက်သာမှုရှိသော ရိုဘတ်စတာကော်ဖီ များကို ပြည်ပမှတင်သွင်းလျက် တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ပြုပြင်ပြီး ပြန်လည်တင်ပို့ခြင်းကို လုပ်ဆောင်လျက်ရှိသည်။ အီတလီ၊ ဂျာမဏီ၊ ရုရှားနှင့် အာရပ်စော်ဘွားများပြည်ထောင်စုတို့သည် အိန္ဒိယ၏ ကော်ဖီတင်ပို့ရာ အဓိကဈေးကွက်နိုင်ငံများဖြစ်ကြသည်။

      ၂၀၂၃-၂၄ ဘဏ္ဍာနှစ်အတွင်း ကော်ဖီပို့ကုန်တန်ဖိုး တိုးတက်မှုမှာ ရိုဘတ်စတာကော်ဖီမှ အများဆုံးဖြစ်ပြီး ဘဏ္ဍာနှစ်၏ တတိယနှင့် စတုတ္ထ သုံးလပတ်ကာလများတွင် ဝယ်လိုအား အထူးကောင်းမွန်လျက် တင်ပို့မှုမှာလည်း ပိုမိုများပြားခဲ့ကြောင်းဖြင့် အိန္ဒိယကော်ဖီပို့ကုန်လုပ်ငန်းရှင်များ အသင်းမှ ဥက္ကဋ္ဌ Ramesh Rajah က ပြောဆိုခဲ့သည်။

    အိန္ဒိယနိုင်ငံတွင် တောင်သူများက ရောင်းချသော ရိုဘတ်စတာကော်ဖီ ဈေးနှုန်းများသည် ကမ္ဘာ့ဈေးကွက်၌ ဈေးနှုန်းမြင့်တက်မှုကို လိုက်ပါလျက် လွန်ခဲ့သော သီတင်းပတ်များအတွင်း အာရေးဗီးကား‌ကော်ဖီ၏ ဈေးနှုန်းအထက်သို့ ကျော်လွန်ရောက်ရှိခဲ့သည်။ ပြုပြင်သန့်စင်ပြီးသော အခွံမာ (parchment) ပါရှိသည့် ရိုဘတ်စတာကော်ဖီစေ့၏ စိုက်ခင်းအတွင်း ဈေးနှုန်းများသည် ၅၀ ကီလိုဂရမ်ဝင် ၁ အိတ်လျှင် ရူပီး‌ငွေ ၁၄၀၀၀ မှ ၁၄၅၀၀ အတွင်းရှိပြီး ပြုပြင်ခြင်း မပြုရသေးသော ခူးဆွတ်ပြီး ရိုဘတ်စတာ ချယ်ရီသီးများမှာ ၁ အိတ်လျှင် ရူပီး‌ငွေ ၈၅၀၀ မှ ၈၉၅၀ အတွင်းနှုန်းထား ဖြင့် ရောင်းချလျက်ရှိသည်။ အာရေးဗီးကား‌ ချယ်ရီသီး၏ ဈေးနှုန်းသည် ၁ အိတ်လျှင် ရူပီး‌ ၈၀၀၀ မှ ၈၃၀၀ အတွင်း၌ လည်းကောင်း၊ ပြုပြင်သန့်စင်ပြီး အခွံမာပါရှိသည့် အာရေးဗီးကား‌ကော်ဖီ၏ ဈေးနှုန်းသည် ၁ အိတ်လျှင် ရူပီး‌ ၁၃၉၀၀ မှ ၁၄၃၀၀ အတွင်းနှုန်းထားဖြင့် လည်းကောင်း ရောင်းချ လျက်ရှိသည်။

 လန်ဒန်ကြိုရောင်းစတော့ဈေးကွက်၌ အခွံမာ AB အဆင့်ရှိသည့် အိန္ဒိယ ရိုဘတ်စတာ ကော်ဖီ ၁ တန်လျှင် ပေးသွင်းရမည့် အာမခံကြေး (premium) သည် ဒေါ်လာ ၇၀၀ မှ ၇၅၀ အတွင်း ရှိပြီး ရိုဘတ်စတာ ချယ်ရီသီးအတွက်မှာမူ ၁ တန်လျှင် ပေးသွင်းရမည့် အာမခံကြေးမှာ ဒေါ်လာ ၃၅၀ မှ ၄၀၀ အတွင်းရှိကြောင်း သိရှိရသည်။

 အိန္ဒိယနိုင်ငံ၏ ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုမှာ ယခင်နှစ်ထွက်ရှိမှု နောက်ဆုံးခန့်မှန်း တန် ချိန် ၃.၅၂ သိန်းထက် ပိုမိုလျက် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှ စတင်သည့် ၂၀၂၃-၂၄ သီးနှံ ရာသီနှစ်အတွင်း တန်ချိန် ၃.၇၄ သိန်းခန့် ထုတ်လုပ်နိုင်မည်ဟု အိန္ဒိယ ကော်ဖီလုပ်ငန်း ကြီးကြပ်မှု အဖွဲ့က ၎င်း၏ ကော်ဖီပန်းပွင့်ချိန်နောက်ပိုင်း ခန့်မှန်းချက်တွင် ဖော်ပြခဲ့သည်။

Source: The Hindu Business Line, 2 Apr 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)