Main menu

အိန္ဒိယနိုင်ငံ၌ အရန်ရိက္ခာပဲစင်းငုံကို အမြောက်အမြားဝယ်ယူရရှိရန် ခက်ခဲဖွယ်ရှိ

Powered by Drupal

      အိန္ဒိယနိုင်ငံ၌ ကုန်စည်အဝယ်ဒိုင်များတွင် ပဲစင်းငုံလက်ကားဈေးနှုန်းများသည် အခြေခံ ရည်ညွှန်းဈေးနှုန်း သတ်မှတ်ချက်ဖြစ်သော ၁ ကွင်တယ် (၁၀၀ ကီလိုဂရမ်) လျှင် ရူပီး ၇၀၀၀ နှုန်း ထက် ၅၀% ခန့် ပိုမိုလျက်ရှိရာ အစိုးရ၏ ဝယ်ယူရေးအေဂျင်စီများအနေဖြင့် ပဲစင်းငုံ အရန်ရိက္ခာ တန်ချိန် ၁ သန်းကို ပြည့်မီစွာဖြင့် တောင်သူများထံမှ တိုက်ရိုက်ဝယ်ယူရရှိနိုင်ရေး အပြင်းအထန် အားထုတ်ကြိုးပမ်းနေရကြောင်း Financial Express သတင်းဌာနက ဖော်ပြပါသည်။

      အမျိုးသားစားသုံးသူများ သမဝါယမအသင်းချုပ် (NCCF) သည် အခြေခံရည်ညွှန်းဈေးထက် ပိုမိုသော ပြောင်းလဲမှုရှိသည့် ဈေးနှုန်းတွက်ချက်မှု စနစ်ဖြင့် ယခုနှစ်ဆန်းပိုင်းမှစတင်၍ တောင်သူ များထံမှ တိုက်ရိုက် ဝယ်ယူခဲ့သော်လည်း လက်ရှိအချိန်အထိ ပဲစင်းငုံတန်ချိန် ၂၀၀၀၀ ခန့်သာ ဝယ်ယူရရှိခဲ့ကြောင်း၊ အစိုးရအေဂျင်စီများအနေဖြင့် ပဲစင်းငုံကို ပြင်ပဈေးနှုန်းဖြင့် တောင်သူများ ထံမှ ဝယ်ယူခြင်းဖြစ်သော်လည်း ဈေးကွက်တွင် ပိုမိုဈေးကောင်းပေး ဝယ်ယူမှုများရှိသဖြင့် အရန် ရိက္ခာ ပမာဏအများအပြားကို ဝယ်ယူရရှိရန် ခက်ခဲမှုရှိမည်ဖြစ်ကြောင်း၊ ပဲစင်းငုံများ ဈေးကွက်သို့ ဝင်ရောက်မှုမှာ အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိခဲ့ပြီး ကုန်စည်အဝယ်ဒိုင်များ၌ ၁ ကွင်တယ်လျှင် ရူပီး ၁၀၄၀၀ နှုန်းခန့်ဖြင့် အခြေခံရည်ညွှန်းဈေးနှုန်းထက် ၄၈% ပိုမိုလျက်ရှိကြောင်း၊ ဈေးနှုန်းများ ထပ်မံမြင့်တက်လာနိုင်ခြေကို မျှော်လင့်လျက် တောင်သူများသည် ၎င်းတို့လက်ဝယ်၌ ပဲများကို သိုလှောင်ထားပြီး နောက်လအထိ ဈေးကွက်သို့ ကုန်စည်ဝင်ရောက်မှုရှိမည်ဖြစ်ကြောင်း ကုန်သည် များက ပြောဆိုခဲ့ကြသည်။

     အစိုးရအရာရှိများကမူ ပဲစင်းငုံ ဝယ်လိုအားနှင့် ရောင်းလိုအားတို့အကြား ကွာဟချက် ကြီးမားမှုက ဈေးနှုန်းများ မြင့်တက်မှုကို ဖြစ်ပေါ်စေခဲ့သည်ဟု ပြောဆိုကြသည်။ ၂၀၂၃-၂၄ သီးနှံ ရာသီနှစ် ဇူလိုင်-ဇွန် ကာလအတွင်း ပဲစင်းငုံစိုက်ပျိုးထွက်ရှိမှုမှာ တန်ချိန် ၃.၃၃ သန်းခန့် ရှိမည်ဟု ခန့်မှန်းထားပြီး ယခင်နှစ်ထုတ်လုပ်မှုအောက် အနည်းငယ်လျော့နည်းမည်ဖြစ်သည်။

     ၂၀၂၂-၂၃ ခုနှစ်တွင် ပဲမျိုးစုံ စုစုပေါင်းထုတ်လုပ်မှုမှာ တန်ချိန် ၂၆.၀၅ သန်းရှိပြီး နှစ်စဉ် စားသုံးမှုမှာ တန်ချိန် ၂၈ သန်းခန့်ရှိကြောင်း၊ ပဲစင်းငုံ၊ မတ်ပဲနှင့် ပဲနီလေးတို့၏ ထုတ်လုပ်မှုနှင့် စားသုံးမှုမှာ လိုက်ဖက်ညီမျှမှုမရှိပဲ ကွာဟချက်ဖြစ်ပေါ်ခဲ့ကြောင်း သတင်းအရင်းအမြစ်များက ပြောဆိုခဲ့သည်။

     အိန္ဒိယအစိုးရသည် ၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ မတ်ပဲ၊ ပဲစင်းငုံနှင့် ပဲနီလေးတို့ တင်သွင်းမှုအပေါ် အကောက်ခွန်ကင်းလွတ်ခွင့်ပြုထားရာ အဆိုပါပဲမျိုးများကို စိုက်ပျိုးထုတ်လုပ် တင်ပို့သည့် နိုင်ငံများရှိ တောင်သူများအနေဖြင့် သီးနှံစိုက်ပျိုးရန် ကောင်းစွာဆုံးဖြတ် ဆောင်ရွက် နိုင်မည်ဖြစ်သည်။ လက်ရှိကာလတွင် လိုအပ်သော သွင်းကုန်အတွက် နိုင်ငံအနည်းငယ်အပေါ် မှီခို နေရခြင်းမှ အရင်းအမြစ်တိုးချဲ့နိုင်ရေး အိန္ဒိယအစိုးရက ကြိုးပမ်းလျက်ရှိပြီး အထူးသဖြင့် ဘရာဇီး နှင့် အာဂျင်တီးနားတို့တွင် မတ်ပဲနှင့် ပဲစင်းငုံ စိုက်ပျိုးထုတ်လုပ်လျက် တင်သွင်းရယူနိုင်မည့် အလားအလာကို လေ့လာလျက်ရှိသည်။

Source: Financial Express, 18 Mar 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)