Main menu

ဧရာဝတီတိုင်းဒေသကြီးအတွင်း စိုက်ပျိုးမွေးမြူရေးထုတ်ကုန်အမယ်များနှင့် ဒေသအလိုက် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ် (Work Plan) ရေးဆွဲရေး ညှိနှိုင်းအစည်းအဝေးပြုလုပ်

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင်  စိုက်ပျိုးမွေးမြူရေး ထုတ်ကုန် အမယ်များနှင့် ဒေသအလိုက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ် (Work Plan) ရေးဆွဲရေး ညှိနှိုင်းအစည်းအဝေးကို မတ်လ ၁၂ရက်နေ့ နေ့လည်ပိုင်းကပြုလုပ်ခဲ့ရာ ဆွေးနွေးပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်း၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။

     ဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် မိမိတို့ တိုင်းဒေသကြီးသည် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်တိုင်းဒေသကြီးဖြစ်ပြီး စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်အမယ်များအား ဒေသအလိုက် ထုတ်လုပ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ဆန်၊ စပါး၊ ပီလောပီနံ၊ ရာဘာ၊ အုန်းချိုမွှေး၊ ငါး၊ ပုစွန်၊ ဂဏန်းမွေးမြူရေးလုပ်ငန်းများ၊ ဆားလုပ်ငန်း၊ ကြိမ်၊ ဝါး၊ ဗေဒါလုပ်ငန်းများ စသည့် လုပ်ငန်းများ တွင်ကျယ်စွာ လုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး One Region One Product  ထုတ်လုပ်နိုင်ရေးနှင့် တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ကြရန် လိုပါကြောင်း၊ မွေးမြူရေးဇုန်များ ဖော်ထုတ်နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် တိရစ္ဆာန် အစာနှင့် မြေဩဇာထုတ်လုပ်ခြင်းလုပ်ငန်းများလည်း ဆောင်ရွက်လျက်ရှိပြီး ပိုမိုထုတ်လုပ်နိုင်ရေး လိုအပ်နေပါသေးကြောင်း၊ စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်အမယ်များနှင့် ဒေသအလိုက် ဆောင်ရွက် မည့် လုပ်ငန်းအစီအစဉ် (Work Plan) ရေးဆွဲနိုင်ရေးအတွက် လုပ်ငန်းနယ်ပယ်အလိုက် အလား အလာ ကောင်းမွန်ပြီး ရေရှည်တိုးတက်ထုတ်လုပ်နိုင်သည့် လုပ်ငန်းအမယ်များကိုစဉ်းစား ရေးဆွဲဆောင်ရွက်ရန်လိုပါကြောင်း၊ Work Plan  ရေးဆွဲရာတွင် လက်တွေ့အကောင်အထည်ဖော် အောင်မြင် အောင် ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့၏ လုပ်ငန်းများ အလိုက် အဆင့်မြှင့်တင်ဆောင်ရွက်ရမည့်အခြေအနေများ၊ ရင်းနှီးမြှုပ်နှံမှု လိုအပ်ချက်များ၊ ဈေးကွက် ရရှိမှုအခြေအနေများ၊ နည်းပညာလိုအပ်များနှင့် ဖြည့်ဆည်းဆောင်ရွက်ပေးရမည့်ကိစ္စရပ်များအား တင်ပြဆွေးနွေးပေးစေလိုကြောင်း၊ မိမိတို့အနေဖြင့်လည်း လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမှာဖြစ်ပါကြောင်းနှင့် စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်အမယ်များနှင့် ဒေသအလိုက် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ် (Work Plan) ရေးဆွဲနိုင်ရေး တက်ရောက်လာကြသူများမှ လိုအပ်သည်များကို အသေးစိတ်တင်ပြဆွေးနွေး ပေးကြစေလိုကြောင်း အမှာစကားပြောကြားသည်။

    ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးမှ စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်အမယ်များနှင့် ဒေသအလိုက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ် (Work Plan) ရေးဆွဲရေးနှင့် စပ်လျဉ်း၍ တက်ရောက်လာသည့် ဆန်/ဆန်ကွဲ၊ ပေါင်းဆန်၊ စပါးခွံ လောင်စာတောင့်လုပ်ငန်းရှင်များ၊ ရေထွက်ပစ္စည်းတန်ဖိုးမြှင့် ထုတ်ကုန်များနှင့် ပတ်သက်သည့် လုပ်ငန်းရှင်များ၊ ငှက်သိုက် လုပ်ငန်းရှင် များ၊ ဒေသထွက် စားသောက်ကုန်လုပ်ငန်းရှင်များ၊ ပီလောပီနံလုပ်ငန်းရှင်များ၊ နေလှန်းဆားလုပ်ငန်းရှင်များ၊ ပရိဘောဂနှင့် အသုံးအဆောင်ပစ္စည်းများနှင့် ပတ်သက်သည့် လုပ်ငန်းရှင်များ၊ ဝါး လက်မှုပစ္စည်းများ နှင့်ပတ်သက်သည့် လုပ်ငန်းရှင်များ၊ ဝါး၊ ကြိမ်၊ ဗေဒါ၊ သင်အခြေခံလူသုံးကုန်ပစ္စည်း ထုတ်ကုန်များနှင့်ပတ်သက်သည့် လုပ်ငန်းရှင်များနှင့် တက်ရောက်လာသည့် ဌာနဆိုင်ရာများက ဆွေးနွေးချက်များနှင့် ဖြည့်စွက်ဆွေးနွေးတင်ပြခဲ့သည်။

    ထို့နောက် ARCCI အတွင်းရေးမှူး၊ ပုသိမ်တက္ကသိုလ် သတ္တဗေဒဌာန၊ ပါမောက္ခဌာနမှူး၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဒေသသုတေသနဗဟိုဌာန (မြောင်းမြ)၏ သုတေသနမှူးတို့မှ ရင်းနှီး မြှုပ်နှံမှု၊ နည်းပညာလိုအပ်မှု၊ ဈေးကွက်ရရှိမှုအခြေအနေများ၊ စိုက်ပျိုးမွေးမြူရေးနှင့် ပတ်သက်၍ သုတေသနပြုဆောင်ရွက်နေမှုများနှင့် မျိုးသန့်မျိုးစပါးများ သုတေသနပြုဆောင်ရွက်ထားရှိမှု အခြေ အနေများ ဆွေးနွေးတင်ပြခဲ့ကြပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်က စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်ကြမ်းများ အသုံးပြု၍ တန်ဖိုးမြင့် ကုန်ချောများ ထုတ်လုပ်နိုင်ရေး၊ အလုပ်ရုံ၊ စက်ရုံများ ပေါ်ထွက်လာစေရေး၊ သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိစေရေး၊ ဆီဖူလုံစေရေးနှင့် မွေးမြူရေး လုပ်ငန်းများ ပိုမိုတိုးတက်အောင်မြင်စေရေးနှင့် စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်အမယ်များနှင့် ဒေသအလိုက် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ် (Work Plan) ရေးဆွဲနိုင်ရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြရန် နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)