Main menu

ဗီယက်နမ်၏ ၂၀၂၄ ခုနှစ် ဆန်တင်ပို့မှုမှာ လျော့နည်းကျဆင်းဖွယ်ရှိ

Powered by Drupal

    ဗီယက်နမ်နိုင်ငံသည် ၂၀၂၃ ခုနှစ်အတွင်း ဆန်တန်ချိန် ၈.၁ သန်းအထိ စံချိန်တင် တင်ပို့နိုင် ခဲ့သော်လည်း ၂၀၂၄ ခုနှစ်တွင်မူ တန်ချိန် ၆.၅ သန်းမှ ၇ သန်း အတွင်းသာ လျော့နည်းတင်ပို့နိုင်ဖွယ်ရှိကြောင်း ဗီယက်နမ်စားနပ်ရိက္ခာအသင်း၏ အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားပါသည်။

   အိန္ဒိယနှင့် ထိုင်းတို့၏နောက်၌ ကမ္ဘာ့တတိယအကြီးဆုံး ဆန်တင်ပို့သူဖြစ်သော ဗီယက်နမ်နိုင်ငံသည် အစောပိုင်းကာလများကပင် ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေရှိစေရေးနှင့် ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံမှုရှိစေရေးတို့ကို  ဖော်ဆောင်မှုနှင့်အတူ ၎င်း၏ဆန်တင်ပို့မှုကဏ္ဍ၌ အရေအတွက်ကို တဖြည်းဖြည်း လျှော့ချလျက် အရည်အသွေးမြင့်မားပြီး ဈေးကောင်းရသည့် ဆန်များတင်ပို့ခြင်းကိုသာ အလေးပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားထားသည်။

     မတ်လ ပထမရက်သတ္တပတ်အတွင်း ကျင်းပခဲ့သော နိုင်ငံတကာ ဆန်စပါးညီလာခံတစ်ခုတွင် တင်ပြခဲ့သော အဆိုပါ အစီရင်ခံစာကို ကြည့်ရှုခွင့်ရရှိခဲ့ရာ၌ ယခုနှစ် ဖေဖော်ဝါရီလ လလယ် အထိ ဗီယက်နမ်၏ ဆန်တင်ပို့မှုမှာ တန်ချိန် ၆၆၃၀၀၀ ရှိပြီး ယခင်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ၁၄.၄% မြင့်တက်ခဲ့ကြောင်း၊ အယ်လ်နီညိုဖြစ်စဉ်သည် ၂၀၂၄ ခုနှစ်၊ နှစ်လယ်ကာလတိုင် ဖြစ်ပေါ် နိုင်ကြောင်း ခန့်မှန်းချက်များအရ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မလေးရှား၊ တရုတ်နှင့် အာဖရိကနိုင်ငံများမှ ဆန်ဝယ်လိုအား မြင့်တက်လာခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြပါသည်။

     အစိုးရက ရေးဆွဲချမှတ်ထားသည့် ဆန်တင်ပို့မှု မဟာဗျူဟာအရ ၂၀၃၀ ပြည့်နှစ်တွင် ဆန် တင်ပို့မှု တန်ချိန် ၄ သန်းသို့ ရောက်ရှိအောင် နှစ်စဉ်လျှော့ချ တင်ပို့မည်ဖြစ်ကြောင်း၊ ထို့အပြင် ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှုတွင် ပိုးသတ်ဆေး ကဲ့သို့သော အပင်ရောဂါပိုးမွှား ကာကွယ်နှိမ်နင်းသည့် ပစ္စည်းများ၏ ဓာတ်ကြွင်းများပါဝင်မှုကို လျှော့ချဖြတ်တောက်မည်ဖြစ်ပြီး အရည်အသွေးမြင့်ဆန်များ ဈေးကွက်ဖြန့်ကျက်တင်ပို့မှုကို ဆောင်ရွက်မည်ဖြစ်ကြောင်း ဗီယက်နမ်နိုင်ငံက ယခင်နှစ်တွင် ပြောကြားထားခဲ့သည်။

Source: NASDAQ, 7 March 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)