Main menu

အိန္ဒိယ၏ ဆန်ထုတ်လုပ်မှု ၈ နှစ်အတွင်း ပထမဆုံးအကြိမ် လျော့ကျဖွယ်ရှိ

Powered by Drupal

    အိန္ဒိယနိုင်ငံတွင် ၂ဝ၂၃-၂၄ သီးနှံရာသီနှစ်အတွင်း မိုးရွာသွန်းမှုမှာ ပျှမ်းမျှမိုးရေချိန်အောက်သို့ ရောက်ရှိခဲ့သဖြင့်  ဆန်ထုတ်လုပ်မှုမှာ ၈ နှစ်တာကာလအတွင်း ပထမဆုံးအကြိမ် လျော့နည်း ကျဆင်းဖွယ်ရှိသော်လည်း ဂျုံအထွက်နှုန်းမှာ ယခင်နှစ်ထက် ၁.၃% တိုးတက်လာနိုင်သည်ဟု ၂၉-၂-၂၀၂၄ နေ့၌ ထုတ်ပြန်သော အစိုးရ၏ ကြေညာချက်တစ်ခုတွင် ဖော်ပြထားပါသည်။

    ကမ္ဘာ့အကြီးမားဆုံးဆန်တင်ပို့သည့် အိန္ဒိယနိုင်ငံသည် ၂၀၂၃ ခုနှစ် ဇူလိုင်လ၌ ဘာစမာတီ မဟုတ်သောဆန်ဖြူတင်ပို့မှုကို ပိတ်ပင်ခဲ့ပြီးနောက် ကမ္ဘာ့ဆန်ဈေးနှုန်းများ မြင့်တက်လာခဲ့သဖြင့် နိုင်ငံများစွာက အိန္ဒိယ၏ ဆန်ထွက်ရှိမှုကို ဂရုတစိုက် စောင့်ကြည့်လျက်ရှိကြပါသည်။

    အိန္ဒိယ လယ်ယာစိုက်ပျိုးရေးနှင့် တောင်သူလယ်သမားများ ဖူလုံရေးဝန်ကြီးဌာနက ဇွန်လတွင် ကုန်ဆုံးမည့် ၂၀၂၃-၂၄ သီးနှံရာသီနှစ်အတွင်း ဆန်ထုတ်လုပ်မှုသည် တန်ချိန် ၁၂၃.၈ သန်းသို့ လျော့နည်းကျဆင်းနိုင်ပြီး ဂျုံထုတ်လုပ်မှုမှာ ယခင်နှစ်၌ တန်ချိန် ၁၁ဝ.၆ သန်းရှိရာမှ ယခုနှစ်တွင် တန်ချိန် ၁၁၂ သန်းသို့ တိုးတက်လာနိုင်ကြောင်း ပြောကြားခဲ့ပါသည်။

    ဆန်အထွက်ပမာဏ လျော့ကျမှုကြောင့် ဝန်ကြီးချုပ် နာရင်ဒရာမိုဒီ၏ အစိုးရသည် အထွေထွေ ရွေးကောက်ပွဲမတိုင်မီကာလတွင် စားနပ်ရိက္ခာဈေးနှုန်းများကို တည်ငြိမ်အောင် ထိန်းသိမ်းနိုင်ရန် ဆန်တင်ပို့မှုကို ဆက်လက်ထိန်းချုပ်သွားမည့် အလားအလာရှိကြောင်းနှင့် ဤအခြေအနေက ဆန် အဓိကတင်ပို့သည့် အခြားနိုင်ငံများဖြစ်ကြသည့် ထိုင်း၊ ဗီယက်နမ်၊ ပါကစ္စတန်နှင့် မြန်မာနိုင်ငံတို့တွင် ဆန်ကုန်လက်ကျန်များ လျော့နည်းပြီး ဈေးနှုန်းများ ပိုမိုဖောင်းပွမြင့်တက်လာဖွယ်ရှိကြောင်း သိရှိရပါသည်။

Source: Economic Times, March 01, 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)