Main menu

ကမ္ဘောဒီးယားဆန်မွှေးကို တိုးမြှင့်ဝယ်ယူရန် ဩစတြေးလျ SunRice ကုမ္ပဏီအုပ်စု စီစဉ်

Powered by Drupal

   သြစတြေးလျနိုင်ငံသို့ ဈေးကွက်ချဲ့ထွင်မှုအပြင် ကမ္ဘောဒီးယား၏ ပို့ကုန်အခွင့်အလမ်း များကိုလည်း တိုးမြင့်စေနိုင်မည်ဖြစ်သော ကမ္ဘောဒီးယား စံပယ်မွှေးဆန်များ ပိုမိုတင်သွင်းမည့် SunRice Group ၏ အစီအစဉ်အပေါ်  ကမ္ဘောဒီးယား ဆန်စပါးလုပ်ငန်းရှင်များက အပြုသဘော ရှုမြင်လျက် ရှိကြကြောင်း သိရှိရသည်။ 

     မတ်လ ၄ ရက်မှ ၆ ရက်အထိ ကျင်းပနေသည့် အာဆီယံ-သြစတြေးလျ အထူးထိပ်သီး အစည်းအဝေး၏ ပြင်ပ၌ ၄-၂-၂၀၂၄ နေ့တွင် ပြုလုပ်ခဲ့သော ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက် နှင့် သီးခြားတွေ့ဆုံမှုတစ်ရပ်တွင် SunRice ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် Paul Serra က အဆိုပါအစီအစဉ်ကို ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

      သြစတြေးလျနိုင်ငံ၌ ထိပ်တန်းစားသောက်ကုန် တင်သွင်းသည့် ကုမ္ပဏီဖြစ်သည့် SunRice သည် အမေရိကန်၊ ဥရောပ၊ အာရှ-ပစိဖိတ်နှင့် အရှေ့အလယ်ပိုင်း နိုင်ငံများအပါအဝင် နေရာဒေသ အနှံ့အပြားသို့ ပို့ကုန်များ တင်ပို့လျက်ရှိသည်။

      ကုမ္ပဏီ၏ ကျွမ်းကျင်ပညာရှင်များ အနေဖြင့် ကမ္ဘာတစ်ဝန်းရှိ ရွေးချယ်ထားသောဒေသ များမှ အာဟာရပြည့်ဝပြီး အရသာ ကောင်းမွန်သော ဆန်များကို ထောက်ပံ့ပေးရန် ဆန္ဒရှိကြောင်း၊ ၎င်းတို့၏ SunRice ကမ္ဘောဒီးယား စံပယ်ဆန်သည် သင်းပျံ့သည့်ရနံ့၊ နူးညံ့ပျော့ပျောင်းသော အရသာတို့ဖြင့် ကျော်ကြားမှုရှိကြောင်း၊ အဆိုပါ အကောင်းဆုံး ဆန်အမျိုးအစားတွင် ဆန်လုံးရှည်၊ လုံးသွယ်ဆန်နှင့် ဆန်မွှေးစသည့်အမျိုးအစားတို့ ပါဝင်ကြောင်းဖြင့် SunRice ကုမ္ပဏီ၏ ဝက်ဘ် ဆိုက်တွင် ဖော်ပြထားသည်။

       ကမ္ဘောဒီးယားနိုင်ငံရှိ Amru Rice ကုမ္ပဏီ၏ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ Song Saran က ဆန်မွှေးအတွက် အဓိကအရေးပါသော သြစတြေးလျစျေးကွက်သည် ကြီးထွားလာနိုင် သည့်အလားအလာရှိကြောင်း၊ ကမ္ဘောဒီးယားဝန်ကြီးချုပ်နှင့် SunRice မှ အမှုဆောင်အရာရှိတစ်ဦး တို့၏ တွေ့ဆုံမှုသည် ကမ္ဘောဒီးယား ဆန်မွှေးအမျိုးအစားများအတွက် အပြုသဘောဆောင်သော လက္ခဏာ တစ်ခုဖြစ်ကြောင်း၊ ဩစတေးလျသည် ဆန်မွှေးအတွက် အဓိကစျေးကွက်တစ်ခုဖြစ်ပြီး ပို့ကုန်တိုးချဲ့ရန်အတွက် ကြီးမားသည့် အခွင့်အလမ်းကောင်း တစ်ခုပေးလျက်ရှိကြောင်း၊ လာမည့် အစည်းအဝေးတွင် ဆန်မွှေးဝယ်ယူမည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ SunRice နှင့် ဆွေးနွေးရန် ရှိကြောင်းဖြင့် ၄-၃-၂၀၂၄ ရက်နေ့တွင် Phnom Penh Post သို့ ပြောကြားခဲ့သည်။

    ယခင်နှစ်တွင် Amru Rice ကုမ္ပဏီသည် သြစတြေးလျဝယ်လက်များမှ မှာယူသော ဆန် မွှေးကွန်တိန်နာ ၁၀ လုံးအနက် ၂ လုံးအား တင်ပို့ခဲ့သည်။ ထို့နောက် ၂၀၂၃ ခုနှစ် ဇွန်လ အစော ပိုင်းတွင် စီးပွားရေး ကြံ့ခိုင်စွာဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကမ္ဘောဒီးယား-ဩစတေးလျ မိတ်ဖက်အဖွဲ့ (Cambodia Australia Partnership for Resilient Economic Development - CAPRED) သည် ကမ္ဘောဒီးယား စိုက်ပျိုးရေးဆိုင်ရာ လေ့လာရေးခရီးစဉ်ကို စီစဉ်ခဲ့သည်။

     Amru Rice အနေဖြင့် ၎င်းလေ့လာရေးခရီးမှ ရရှိခဲ့သော အသိပညာ၊ အတွေ့အကြုံနှင့် အခွင့်အလမ်းများမှတစ်ဆင့် မဟာဗျူဟာနှင့် စီမံချက်ကို ရေးဆွဲခဲ့ကြောင်း၊ စျေးကွက်ချဲ့ထွင်နိုင် ရန်နှင့် မိမိနိုင်ငံ၊ မိမိကုမ္ပဏီနှင့် ကမ္ဘာ့စားနပ်ရိက္ခာစနစ်တို့ကို အကျိုးဖြစ်ထွန်းစေရေးအတွက် စဉ်ဆက်မပြတ် ရေရှည်တည်တံ့သော စိုက်ပျိုးရေးအလေ့အကျင့်များ၏ စွမ်းဆောင်ရည်ကို မြှင့် တင်ရန် ရည်ရွယ်ဆောင်ရွက်ခဲ့ကြောင်းဖြင့် အဆိုပါကုမ္ပဏီက ပြောကြားခဲ့သည်။

    ကမ္ဘောဒီးယား ဆန်စပါး အသင်းချုပ် (CRF) သည် ၂၀၂၃ ခုနှစ်တွင် တန်ဖိုးအားဖြင့် ဒေါ်လာ ၄၆၆ သန်းရှိသော ကြိတ်ခွဲပြီးဆန် ၆၅၆၃၂၃ တန်အား ပြည်ပသို့ တင်ပို့ခဲ့ရာ ၂၀၂၂ ခုနှစ်၌ တင်ပို့မှုနှင့် နှိုင်းယှဉ်ပါက တန်ဖိုးအားဖြင့် ၁၃% နှင့်  ပမာဏအားဖြင့် ၃% တိုးတက်ခဲ့ကြောင်း၊ ပို့ကုန်လုပ်ငန်းရှင် ၆၃ ဦး က ပြည်ပနိုင်ငံပေါင်း ၆၁ နိုင်ငံသို့ တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

    ထို့အပြင် ၂၀၂၃ ခုနှစ်အတွင်း ဒေါ်လာ ၁.၃၂ ဘီလီယံခန့် တန်ဖိုးရှိသော စပါးတန်ချိန် ၄၃၈၇၃၆၃ တန်ကိုလည်း တင်ပို့ခဲ့ပြီး ယခင်နှစ် တင်ပို့မှုနှင့် နှိုင်းယှဉ်ပါက တန်ဖိုးအားဖြင့် ၅၆.၆၉% နှင့်  ပမာဏအားဖြင့် ၂၆.၅% တိုးတက်ခဲ့ကြောင်း ကမ္ဘောဒီးယား အကောက်ခွန်နှင့် ယစ်မျိုးဌာန၏ အချက်အလက်များအရ သိရသည်။

Source: Phnom Penh Post, 4 March 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)