![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/12_8.jpg?itok=fLlnv-VZ)
ကမ္ဘောဒီးယားနိုင်ငံတွင် ရော်ဘာထွေထွေဌာန၏ အချက်အလက်များအရ ၂၀၂၃ ခုနှစ် အတွက် ရော်ဘာကဏ္ဍ ထုတ်လုပ်မှုတန်ဖိုးမှာ အမေရိဒေါ်လာ ၅၃၆ သန်းရှိခဲ့ရာ ရော်ဘာစေး တင်ပို့မှုသည် ဒေါ်လာ ၄၉၀.၆ သန်း၊ ရော်ဘာသစ်သား တင်ပို့မှုသည် ဒေါ်လာ ၁.၆ သန်းနှင့် ပြည်တွင်း ရော်ဘာစေးသုံးစွဲမှုတန်ဖိုးသည် ဒေါ်လာ ၄၃.၈ သန်းပါဝင်ကြောင်း ဖနွမ်းပင်ပို့စ် သတင်းဌာနက ၆-၂-၂၀၂၄ ရက်နေ့တွင် ဖော်ပြပါသည်။
ကမ္ဘောဒီးယားသည် ၂၀၂၃ ခုနှစ်တွင် ရော်ဘာစေးတန်ချိန် ၃၆၈,၀၄၈ တန်ခန့်တင်ပို့ခဲ့ပြီး ၂၀၂၂ ခုနှစ်နှင့်နှိုင်းယှဉ်ပါက တန်ချိန် ၄,၈၅၅ တန်လျော့ကျခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်တွင် ရော်ဘာ သစ် တင်ပို့မှုမှာ ၉,၄၁၁ ကုဗမီတာသာရှိသည့်အတွက် ၂၀၂၂ ခုနှစ်ထက် ၁၇,၀၇၈ ကုဗမီတာ လျော့နည်းခဲ့ကြောင်း၊ ပြည်တွင်းရော်ဘာစေးသုံးစွဲမှု ပမာဏမှာ ၃၀,၄၅၂ တန်ဖြစ်ကြောင်း သိရှိရပါသည်။
ကမ္ဘောဒီးယား၏ ၂၀၂၃ ခုနှစ် ရော်ဘာထုတ်လုပ်မှုပမာဏသည် ၂၀၂၂ ခုနှစ်နှင့် နှိုင်းယှဉ် ပါက အနည်းငယ်တိုးတက်လာသော်လည်း ပြည်တွင်းတာယာထုတ်လုပ်သူများ၏ ဝယ်လိုအား မြင့်တက်လာခြင်းကြောင့် တင်ပို့မှုပမာဏ အနည်းငယ်ကျဆင်းသွားကြောင်း၊ ရော်ဘာစေးတင်ပို့မှု ကျဆင်းခဲ့သော်လည်း ပမာဏအားဖြင့် တန်ချိန် ၃၀၀၀၀ ပိုမိုထွက်ရှိခဲ့ကြောင်း၊ ပြည်တွင်း ရော်ဘာစေးသုံးစွဲမှုအနေဖြင့် ၂၀၂၃ ခုနှစ်ကထက် ၂၀၂၄ ခုနှစ်တွင် ပိုမိုသုံးစွဲမှုရှိလာနိုင်ကြောင်း ရော်ဘာဌာန၏ အကြီးအကဲ Mr. Him Aun ကပြောကြားခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံရှိ စက်မှုဇုန်များတွင် ရော်ဘာနှင့် သီဟိုဠ်စေ့ကဲ့သို့သော ဒေသထွက် ကုန်ကြမ်းများကို အသုံးပြုရန်ဆန္ဒရှိကြောင်းနှင့် ပြည်တွင်းကုန်ထုတ်လုပ်မှုသည် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရုံသာမက အစိုးရ၏စက်မှုမူဝါဒနှင့်အညီ ခေတ်မီနည်းပညာများကိုပါ မိတ်ဆက်ပေးကြောင်းဖြင့် ၂၀၂၃ ခုနှစ်၊ မေလ ၂၂ ရက်တွင်ကျင်းပသည့် Sihanoukville အထူး စီးပွားရေးဇုန် (SSEZ) တွင် တာယာနည်းပညာ(ကမ္ဘောဒီးယား)၏ အမေရိကန်ဒေါ်လာသန်း ၃၀၀ ခန့်တန်ဖိုးရှိ စက်ရုံဖွင့်ပွဲ၌ ဝန်ကြီးချုပ်ဟောင်း Mr. Hun Sen က ပြောကြားထားခဲ့သည်။
၂၀၂၃ ခုနှစ်၊ နှစ်ကုန်၌ နိုင်ငံ၏စုစုပေါင်းရော်ဘာ စိုက်ခင်းဧရိယာသည် ၄၀၇,၁၇၂ ဟက်တာ ရှိပြီး ၂၀၂၂ ခုနှစ်ကထက် ၂,၅၉၄ ဟက်တာ၊ ရာခိုင်နှုန်းအားဖြင့် ၀.၆၄% ခန့် တိုးမြင့်စိုက်ပျိုးမှု ရှိကြောင်း၊ ၎င်းစိုက်ဧရိယာတွင် စိုက်ပျိုးရေး-စက်မှုရော်ဘာ စိုက်ပျိုးမှုဧရိယာ ၂၂၆,၈၄၀ ဟက်တာ နှင့် မိသားစုစိုက်ခင်း ၁၈၀,၃၃၂ ဟက်တာ ပါဝင်ကြောင်း၊ စုစုပေါင်းစိုက်ပျိုးဧရိယာ၏ ၇၈.၆% နှင့်ညီမျှသည့် ၃၂၀,၁၈၄ ဟက်တာခန့်မှ ရော်ဘာအစေး ထုတ်လုပ်ပေးနိုင်ပြီး အစေးခြစ် ဧရိယာ ၄,၈၅၂ ဟက်တာခန့် တိုးတက်လာခဲ့ကြောင်း၊ ပျမ်းမျှနှစ်စဉ်အထွက်နှုန်းသည် ၁ ဟက်တာ (၂.၄၇၁ ဧက) လျှင် ၁,၂၂၈ ကီလိုဂရမ်အထိ တိုးတက်ထုတ်လုပ်လာနိုင်ပြီး ၂၀၂၂ ခုနှစ်ထက် ၁ ဟက်တာ လျှင် ၁၆ ကီလိုဂရမ်အထိ တိုးတက်ထုတ်လုပ်ပေးနိုင်လာခြင်းဖြစ်ကြောင်း ကမ္ဘောဒီးယား ရော်ဘာ ဌာန၏ စာရင်းများက ဖော်ပြပါသည်။
ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် ၂၀၂၂ ခုနှစ်တွင် ရော်ဘာအစေးနှင့် ရော်ဘာသစ်တင်ပို့မှု စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ ၅၃၁ သန်းကျော်ရရှိခဲ့ပြီး ရော်ဘာစေးတင်ပို့မှုမှ ဒေါ်လာ ၅၂၇.၈ သန်းနှင့် ရော်ဘာသစ်မှ ဒေါ်လာ ၄ သန်းကျော်ပါဝင်ကြောင်း သိရှိရပါသည်။
Source: Rubber World, 6 Feb 2024