Main menu

ဆန်ကုန်သွယ်မှုသဘောတူညီချက် ဖိလစ်ပိုင်နှင့် ဗီယက်နမ် လက်မှတ်ရေးထိုး

Powered by Drupal

  ဖိလစ်ပိုင်နိုင်ငံသမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာ၏ ဗီယက်နမ်နိုင်ငံသို့ သွားရောက်သည့် ခရီးစဉ်အတွင်း ၅ နှစ်တာ သက်တမ်းရှိသော ဆန်ကုန်သွယ်ရောင်းဝယ်မှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို  ၃၀-၁-၂၀၂၄ ရက်နေ့တွင် နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း သိရှိရပါသည်။

   အဆိုပါနားလည်မှုစာချွန်လွှာအရ ဗီယက်နမ်နိုင်ငံမှ ဖိလစ်ပိုင်နိုင်ငံသို့ နှစ်စဉ် ဆန်တန်ချိန် ၁.၅ သန်းမှ ၂ သန်းအထိကို ရောင်းချပေးမည်ဖြစ်ပြီး ကုန်သွယ်ရောင်းဝယ်မှုကို နှစ်နိုင်ငံရှိ ပုဂ္ဂလိကကဏ္ဍများက တာဝန်ယူဆောင်ရွက်မည်ဖြစ်ပါသည်။ ထို့အပြင် ဆန်ကုန်သွယ်မှုနှင့် စပ်လျဉ်းသည့် မူဝါဒများ၊ စီမံကိန်းများနှင့် လုပ်ထုံးလုပ်နည်းများ၊ အခြားလှုပ်ရှားဆောင်ရွက်မှုများ၏ သတင်းအချက်အလက်များ ဖလှယ်ခြင်းကိုလည်း နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မည်ဖြစ်သည်။ ယခုကဲ့သို့ ဆန်ကုန်သွယ်မှု သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ခြင်းက ဖိလစ်ပိုင်နိုင်ငံအတွက် စဉ်ဆက်မပြတ် စားနပ်ရိက္ခာဖူလုံရေးကို အထောက်အကူပြုမည်ဖြစ်ပါသည်။

   ဆွေးနွေးပွဲ ကျင်းပစဉ်ကာလအတွင်း အဆိုပါ ဆန်ကုန်သွယ်မှုစာချုပ်အပြင် လယ်ယာစိုက်ပျိုးရေးနှင့် ဆက်စပ်သည့် လုပ်ငန်းနယ်ပယ်များ၌ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာတစ်စောင်ကိုလည်း လက်မှတ်ရေးထိုးခဲ့ကြကြောင်း၊ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် ရည်ရွယ်လျက် တန်ဖိုးမြင့် သီးနှံထုတ်လုပ်မှု၊ မွေးမြူရေးနှင့် ရေလုပ်ငန်း၊ လယ်ယာ စီမံခန့်ခွဲမှုနှင့် ရေရှည်တည်တံ့မှု၊ စိုက်ပျိုးရေးနှင့် ရေလုပ်ငန်းဆိုင်ရာ နည်းပညာ၊ သုတေသနဆိုင်ရာသင်တန်းများပို့ချမှု၊ ကျွမ်းကျင်ပညာရှင်များ အပြန်အလှန် စေလွှတ်မှု စသည့်နယ်ပယ်များတွင် ဗီယက်နမ်-ဖိလစ်ပိုင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။

Source: Manila Bulletin, 30 Jan 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)