Main menu

ပဲမျိုးစုံကို သင်္ဘောဝမ်းပုံစနစ်ဖြင့် ဩစတေးလျမှ မြေထဲပင်လယ်ဒေသသို့ ဆက်လက်တင်ပို့

Powered by Drupal

   ဩစတေးလျနိုင်ငံမှ ထွက်ရှိသော ပဲမျိုးစုံကို စူးအက်တူးမြောင်းအား ဖြတ်သန်းသယ်ဆောင်သည့် ပုံမှန်လမ်းကြောင်းအတိုင်း သင်္ဘောဝမ်းပုံစနစ်ဖြင့် အီဂျစ်နိုင်ငံသို့ အရှိန်မပျက် တင်ပို့လျက်ရှိ ကြောင်း သိရှိရပါသည်။

   ဩစတေးလျကုန်သည်များသည် Faba Beans ခေါ် တောင်ကြီးပဲများကို အီဂျစ်နိုင်ငံသို့ တင်ပို့လျက်ရှိရာ လက်ရှိကာလတွင် ဝမ်းပုံစနစ်ဖြင့် သယ်ယူပို့ဆောင်သည့် သင်္ဘော ၃ စီးသည် ပင်လယ်နီဒေသသို့ ရောက်ရှိနေပြီး နောက်ထပ်သင်္ဘောတစ်စီးသည်လည်း ဇန်နဝါရီလ နောက်ဆုံး အပတ်အတွင်း ဩစတေးလျတောင်ပိုင်းရှိ Port Adelaide ဆိပ်ကမ်းမှ ထွက်ခွာခဲ့ပြီးဖြစ်သည်။

    ပင်လယ်နီဒေသ၌ ဟူသီလက်နက်ကိုင်အဖွဲ့များ၏ တိုက်ခိုက်မှုမှာ ဝမ်းပုံစနစ်ဖြင့် သယ်ယူ ပို့ဆောင်မှုအပေါ် အနှောင့်အယှက်ဖြစ်ဖွယ် မရှိသော်လည်း အာရှဒေသမှ ကုန်သေတ္တာတင် သင်္ဘောများစွာသည် လမ်းကြောင်းပြောင်းလဲ၍ သယ်ပို့လျက်ရှိကြောင်း၊ ဩစတေးလျမှ ကုန် သေတ္တာဖြင့် တင်ပို့သည့် သင်္ဘောအချို့သည်လည်း အာဖရိကတောင်ဘက်စွန်း Good Hope အငူ ကို ကွေ့ပတ်လျက် မြေထဲပင်လယ်နှင့် အတ္တလန်တစ် ဆိပ်ကမ်းများသို့ သယ်ယူပို့ဆောင်မှုပြု လျက်ရှိကြောင်း သိရှိရသည်။

   ဩစတေးလျဈေးကွက်တွင် ဆိပ်ကမ်းမှ တောင်ကြီးပဲ တင်ပို့မှုဈေးနှုန်းများမှာ ၁ တန်လျှင် ဩစတေးလျဒေါ်လာ ၅၀၀ ခန့်ရှိပြီး ယခင်လဈေးနှုန်းအောက် ၁ တန်လျှင် ဩစတေးလျဒေါ်လာ ၅၀ ကျဆင်းခဲ့ခြင်းဖြစ်သည်။ အီဂျစ်နိုင်ငံသည် ဩစတေးလျ၏ တောင်ကြီးပဲနှင့် ပဲနီလေးတို့ကို အဓိကတင်ပို့ရာ ဈေးကွက်ဖြစ်ပြီး အီဂျစ်ကုန်သည်များဘက်မှ ကုန်သေတ္တာဖြင့်တင်ပို့ရန် တောင်း ဆိုမှုများ ရှိသော်လည်း ပင်လယ်နီဒေသ အကျပ်အတည်းက အတားအဆီးဖြစ်ပေါ်လျက်ရှိသည်။ Agri-Oz Exports ကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာ Francois Darcas က အနောက်အာဖရိက ဒေသကို ကွေ့ပတ်၍ သယ်ယူပို့ဆောင်ရသည့် စရိတ်စက မြင့်မားမှုကြောင့် အီဂျစ်သို့ ကုန်သေတ္တာ ဖြင့်တင်ပို့ရန် ဝယ်လိုအားမှာ ထိခိုက်ကျဆင်းမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

   ဩစတေးလျ လယ်သမားများသည် ကုလားပဲ၊ တောင်ကြီးပဲနှင့် ပဲနီလေး တို့ကို ကုန်သည်များနှင့် ပို့ကုန်လုပ်ငန်းရှင်များထံသို့ ဈေးနှုန်းအတက်အကျပြောင်းလဲမှု နည်းပါး စွာဖြင့် ပမာဏအသင့်အတင့် ရောင်းချလျက်ရှိကြောင်း၊ သီးနှံရာသီအသစ်၌ အသုံးပြုရန် လိုအပ် သော သွင်းအားစုများ ဝယ်ယူနိုင်ရေးအတွက် တောင်သူများက ကုန်လက်ကျန်များကို ရောင်းချမှု လုပ်ဆောင်လာမည့် မတ်လခန့်ကျမှသာ  ဩစတေးလျ ပဲမျိုးစုံဈေးကွက်သည် အရောင်းအဝယ် သွက်လက်လာမည်ဟု ခန့်မှန်းရကြောင်း၊ မိုးရွာသွန်းမှုရှိခဲ့သော ကွင်းစလန်ပြည်နယ်တွင် ပဲတီစိမ်း စိုက်ပျိုးမှုကို စတင်လုပ်ကိုင်နေပြီဖြစ်ကြောင်း၊ ဩစတေးလျ တောင်ပိုင်းနှင့် အရှေ့ပိုင်း ဒေသများ တွင် နိုဝင်ဘာလမှစတင်၍ မိုးရွာသွန်းမှုကောင်းမွန်ခဲ့သဖြင့် လာမည့်ဆောင်းသီးနှံ စိုက်ပျိုးထုတ် လုပ်မှုမှာ တိုးတက်ဖွယ်ရှိကြောင်း Grain Central သတင်းဝက်ဘ်ဆိုက်၌ ဖော်ပြထားပါသည်။

    ရာမာဒန်ဥပုသ်ကာလမတိုင်မီ ပြည်ပတင်ပို့ရန် ဝယ်ယူစုဆောင်းမှုများ နှေးကွေးလျက်ရှိရာ ဩစတေးလျဈေးကွက်၌ ကုလားပဲဈေးနှုန်းများသည်လည်း ယခင်လဈေးနှုန်းအောက် ၁ တန်လျှင် ဩစတေးလျဒေါ်လာ ၁၀ မှ ၂၀ ခန့်အထိ ကျဆင်းခဲ့သည်။ ဆိပ်ကမ်းများ၌ ထိပ်တန်းအဆင့် CHKP1 ကုလားပဲ ၁ တန်လျှင် ဩစတေးလျဒေါ်လာ ၈၂၀ ခန့်ရှိပြီး CHKPM အဆင့် ကုလားပဲမှာမူ ၁ တန်လျှင် ဩစတေးလျဒေါ်လာ ၇၅၀ - ၇၆၀ ခန့်ရှိသည်။

   တောင်အာရှဈေးကွက်အတွင်း ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်နှင့် အိန္ဒိယတို့တွင် ကုလားပဲ စိုက်ပျိုးမှုသည် ဖေဖော်ဝါရီ - မတ်ကာလများ၌ ရိတ်သိမ်းထွက်ပေါ်မည်ဖြစ်ပြီး ဝယ်လက်များအနေဖြင့် ဒေသတွင်းမှသာ ဝယ်ယူဖွယ်ရှိခြင်း၊ အိန္ဒိယနိုင်ငံ၌ ဈေးနှုန်းသက်သာသော စားတော်ပဲ ကို ကိုတာသတ်မှတ်ချက်မရှိပဲ အခွန်ကင်းလွတ်ခွင့်ဖြင့် မတ်လကုန်အထိ တင်သွင်းခွင့်ပြုထားခြင်းစသည့် အခြေအနေများအရ ဩစတေးလျကုလားပဲအပေါ် ဝယ်လိုအားမှာ လျော့နည်းကျဆင်းလျက်ရှိကြောင်း သိရှိရသည်။

Source: Grain Central, 31 Jan 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)