Main menu

အိန္ဒိယနိုင်ငံ၌ တစ်လအတွင်း ပဲစင်းငုံလက်ကားဈေးနှုန်း ၅% မြင့်တက်

Powered by Drupal

   အိန္ဒိယနိုင်ငံတွင် ရာသီအသစ်မှ ရိတ်သိမ်းထွက်ရှိသောသီးနှံများ ဈေးကွက်ဝင်ရောက်မှုနှင့်အတူ မြန်မာနိုင်ငံထံမှ ပဲစင်းငုံများကို ဆက်လက်တင်သွင်းလျက်ရှိသော်လည်း ပြည်တွင်းစိုက်ဧက လျော့ကျမှုနှင့် ဒုတိယနှစ်မြောက် ထုတ်လုပ်မှုကျဆင်းသည့် အခြေအနေများအရ ပဲစင်းငုံ လက်ကား ဈေးနှုန်းများသည် လွန်ခဲ့သော ၁ လတာအတွင်း ၅% မြင့်တက်လာခဲ့ကြောင်း Economic Times သတင်းဌာနက ၃၀-၁-၂၀၂၄ နေ့၌ ဖော်ပြပါသည်။

   အိန္ဒိယအစိုးရသည် ဈေးနှုန်းများ ထိန်းချုပ်နိုင်ရန်အတွက် စားတော်ပဲတင်သွင်းမှုကို ခွင့်ပြုပေးခြင်း၊ ပဲမျိုးစုံ သိုလှောင်နိုင်ခွင့်ပမာဏကို ကန့်သတ်ကြပ်မတ်ခြင်း၊ ဘာရတ်ကုလားပဲရောင်းချမှု အစီအစဉ်ကို ချမှတ်လျက် ဈေးနှုန်းသက်သာစွာဖြင့် ကုလားပဲများ ရောင်းချပေးခြင်းတို့ကို ဆောင် ရွက်ခဲ့ရာ ၂၀၂၃ ခုနှစ်အတွင်း လက်လီဈေးကွက်တွင် ၁ ကီလိုဂရမ်လျှင် ရူပီး ၂၀၀ နှုန်းအထိ ရောက်ရှိခဲ့သော ပဲစင်းငုံလက်လီဈေးနှုန်းများသည် ဒီဇင်ဘာလ၌ ၅% မှ ၁၀% အတွင်း ကျဆင်းခဲ့သည်။

  ထိုသို့ လက်လီဈေးနှုန်းများ ကျဆင်းမှုက မိုးသီးနှံရာသီ၌ စိုက်ပျိုးထားရှိမှုမှ ပဲစင်းငုံများအား ရိတ်သိမ်းလျက် ဈေးကွက်သို့ပို့ဆောင်ရောင်းချချိန်တွင် လက်ကားဈေးနှုန်းများကိုလည်း လျော့ကျ စေခဲ့ရာ တောင်သူအများအပြားသည် ၎င်းတို့၏ ထုတ်ကုန်များကို ရောင်းချမှုမပြုပဲ ထိန်းသိမ်းထား သဖြင့် လက်ကားဈေးကွက်၌ ရောင်းလိုအားနည်းပါးမှု ဖြစ်ပေါ်လျက်ရှိကြောင်း ကုန်သည်များက ပြောဆိုလျက်ရှိကြသည်။

  မဟာရတ္ထပြည်နယ် Latur ဒေသအခြေစိုက် ပဲခွဲစက်လုပ်ငန်းရှင်တစ်ဦးဖြစ်သူ Nitin Kalantry က ဈေးနှုန်းများ အနိမ့်ဆုံးကျဆင်းနေသဖြင့် တောင်သူများသည် ပဲစင်းငုံများကို ရောင်းချခြင်းမပြုပဲ ဈေးကောင်းရရှိရန် ‌စောင့်ဆိုင်းလျက်ရှိကြောင်း၊ သို့ဖြစ်ရာ ဈေးကွက်အတွင်း ကုန်စည်ရရှိနိုင်မှုမှာ ကျဆင်းခဲ့ပြီး ပဲစင်းငုံလက်ကားဈေးနှုန်းများသည် ၁ ကီလိုဂရမ်လျှင် ၈၅ ရူပီး နှုန်းသို့ ကျဆင်းခဲ့ရာမှ ယခု ၁ ကီလိုဂရမ်လျှင် ၁၂၀ ရူပီးနှုန်းသို့ ပြန်လည်မြင့်တက်လာကြောင်းဖြင့် ပြောကြားခဲ့သည်။

  ပဲစင်းငုံ လုံးပြည့်များကို ကြိတ်ခွဲထုတ်လုပ်ရန်အတွက် ပဲခွဲစက်လုပ်ငန်းများက တိုးမြှင့်ဝယ်ယူလျက်ရှိသဖြင့် လက်ကားဈေးကွက်အတွင်း ပဲစင်းငုံဈေးနှုန်းများသည် ရက်သတ္တ ၄ ပတ် ဆက်တိုက် မြင့်တက်လာခဲ့သည်ဟု အိန္ဒိယပဲမျိုးစုံနှင့် ကောက်ပဲသီးနှံအသင်း (IPGA) က ဖော်ပြပါသည်။ အိန္ဒိယအနေဖြင့် ပြည်တွင်း၌ ပဲစင်းငုံလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက် မြန်မာနှင့် အာဖရိကဒေသများမှ အဓိက ဝယ်ယူတင်သွင်းလျက်ရှိကြောင်း၊ သို့သော် အာဖရိကမှ ကုန်စည်ပေးသွင်းမှုမှာ ယင်းဒေသရှိ အစိုးရလုပ်ငန်းပိုင်းဆိုင်ရာ အတားအဆီးများကို ကြုံတွေနေရကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံဘက်မှ ကုန်စည်ရရှိနိုင်မှုမှာလည်း မျှော်မှန်းထားသည့် ပမာဏအောက်သို့ လျော့နည်းဖွယ်ရှိကြောင်းဖြင့် အိန္ဒိယကုန်သည်များက ပြောကြားခဲ့ကြသည်။

Source: Economic Times, 30 Jan 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)