Main menu

အိန္ဒိယနိုင်ငံတွင် သကြားအထွက်ပမာဏ ၇.၇ ရာခိုင်နှုန်း ကျဆင်းခဲ့

Powered by Drupal

    အိန္ဒိယနိုင်ငံတွင် ၂ဝ၂၃-၂၄ ရာသီကာလ ပထမ (၃) လအတွင်း သကြားအဓိကထွက်ရှိသည့် ပြည်နယ်များတွင် သကြားအထွက်နှုန်းလျော့နည်းခဲ့ခြင်းကြောင့် သကြားအထွက်ပမာဏမှာ ၇.၇ ရာခိုင်နှုန်းလျော့နည်းကျဆင်းပြီး တန်ချိန် ၁၁၂ သိန်းသို့ လျော့နည်းထွက်ရှိခဲ့ကြောင်း The National Federation of Cooperative Sugar Factories Limited (NFCSF) က ပြောကြားခဲ့ပါသည်။ ၂ဝ၂၂-၂၃ ရာသီကာလ အောက်တိုဘာလမှ ဒီဇင်ဘာလအတွင်း သကြားထုတ်လုပ်မှုမှာ တန်ချိန် ၁၂၁.၃၅ သိန်းရှိခဲ့ကြောင်း သိရှိရပါသည်။ NFCSF က အိန္ဒိယနိုင်ငံတွင် သကြားရာသီ ကာလမှာ အောက်တိုဘာလမှ စက်တင်ဘာလအထိဖြစ်ပြီး အိန္ဒိယနိုင်ငံ၏သကြားထွက်ရှိမှုမှာ ၂ဝ၂၂-၂၃ ရာသီကာလတွင် တန်ချိန် ၃၃ဝ.၉ဝ သိန်းထွက်ရှိခဲ့ရာမှ ၂ဝ၂၃-၂၄ ရာသီကာလတွင် တန်ချိန် ၃ဝ၅ သိန်းသို့ လျော့နည်းထွက်ရှိမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

   NFCSF က  လက်ရှိရာသီကာလ ၂ဝ၂၃ ဒီဇင်ဘာလအထိ စက်ရုံပေါင်း ၅၁၁ ခုမှ ကြံတန်ချိန် ၁,၂၂၃ သိန်းကို ကြိတ်ခွဲထုတ်လုပ်ခဲ့ကြောင်းနှင့် အိန္ဒိယနိုင်ငံတွင် ထိပ်တန်းသကြားထုတ်လုပ်သည့် ပြည်နယ် ၃ ခုအနက် Maharashtra နှင့် Karnataka ပြည်နယ်များတွင် ယခုရာသီကာလ အောက်တိုဘာလမှ ဒီဇင်ဘာလအတွင်း သကြားထုတ်လုပ်မှုမှာလျော့နည်းကျဆင်းခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ NFCSF ဥက္ကဌ Jaiprakash Dandegaonkar က ဗဟိုအစိုးရသည် ကြံရည်မှ အီသနောထုတ်လုပ်မှုကို ကန့်သတ်ခဲ့သဖြင့် အိန္ဒိယနိုင်ငံအတွင်း ပြည်တွင်းစားသုံးရန်သကြားတန် ချိန် ၃ဝ၅ သိန်းထွက်ရှိနိုင်ကြောင်း ပြောကြားခဲ့ပါသည်။ NFCSF ကထုတ်ပြန်သောကိန်းဂဏန်း သတင်းအချက်အလက်များအရ အိန္ဒိယနိုင်ငံ၏ထိပ်တန်းသကြားထုတ်လုပ်သည့် Maharashtra တွင် ယခင်နှစ်က သကြားတန်ချိန် ၄၇.၄ဝ သိန်းထုတ်လုပ်နိုင်ခဲ့ရာမှ ၂ဝ၂၃-၂၄ ဒီဇင်ဘာလအထိ သကြားတန်ချိန် ၃၈.၂ဝ သိန်းသို့ လျော့နည်းထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ အလားတူ တတိယအကြီးမားဆုံးသကြားထုတ်လုပ်သည့် Karnataka တွင်လည်း ယခင်နှစ်က သကြားတန်ချိန် ၂၆.၇ဝ သိန်းထုတ်လုပ်ခဲ့ရာမှ တန်ချိန် ၂၄ သိန်းသို့ လျော့နည်းထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း  သိရှိ ရပါသည်။

   သို့ရာတွင် အိန္ဒိယနိုင်ငံ၏ဒုတိယအကြီးမားဆုံးသကြားထုတ်လုပ်သည့် Uttar Pradesh တွင် ယခင်နှစ်က သကြားတန်ချိန် ၃ဝ.၈ဝ သိန်းထုတ်လုပ်ခဲ့ရာမှ ယခုရာသီကာလ ဒီဇင်ဘာလ အထိ သကြားတန်ချိန် ၃၄.၆၅  သိန်းသို့ ပိုမိုတိုးတက်ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံ၏ ပျှမ်းမျှသကြားထုတ်လုပ်မှုမှာ ၉.၁၇ ရာခိုင်နှုန်းရှိပြီး ဆောင်းရာသီသို့ ဝင်ရောက်လာသည်နှင့် သကြားထွက်ရှိမှုူမှာ ပိုမိုတိုးတက်လာမည်ဟု ခန့်မှန်းသိရှိရပါသည်။ ရာသီကာလအကုန်တွင် Uttar Pradesh တွင် သကြားတန်ချိန် ၁၁၅ သိန်း၊ Maharashtra တွင် သကြားတန်ချိန် ၉ဝ သိန်း၊ Karnataka တွင်သကြားတန်ချိန် ၄၂ သိန်း၊ Tamil Nadu တွင် သကြားတန်ချိန် ၁၂ သိန်းနှင့် Gujarat တွင် သကြားတန်ချိန် ၁ဝ သိန်းထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း ခန့်မှန်းသိရှိရပါသည်။ NFCSF ၏ မန်းနေးဂျင်းဒါရိုက်တာဖြစ်သူ Prakash Naiknavare က လက်ရှိရာသီအစကာလတွင် သကြားထုတ်လုပ်မှုမှာ တန်ချိန် ၂၉ဝ သိန်းထွက်ရှိမည်ဟုခန့်မှန်းထားပြီး တန်ချိန် ၁၅ သိန်းခန့် တိုးတက်ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းထားသဖြင့် လက်ရှိကာလတွင် အီသနောထုတ်လုပ်မှုကို ကန့်သတ်ထားမှုအား အတိုင်းအတာတစ်ခုအထိ ဖြေလျှော့ဆောင်ရွက်ပေးသွားနိုင်ကြောင်း ပြော ကြားခဲ့ပါသည်။ NFCSF နှင့် အိန္ဒိနိုင်ငံသကြားစက်အသင်းတို့သည် အဆိုပါအရေးကိစ္စကို ဗဟိုအစိုးရနှင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါသည်။

Source: Economic Times, 02 January 2024. (လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)