Main menu

ပဲနီလေးတင်သွင်းမှုအပေါ် ထပ်ဆောင်းအခွန် ကင်းလွတ်ခွင့်ကာလအား အိန္ဒိယအစိုးရ တိုးမြှင့်

Powered by Drupal

    အိန္ဒိယနိုင်ငံ၌ ပဲနီလေးတင်သွင်းမှုအပေါ် စိုက်ပျိုးရေး အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှု ထပ်ဆောင်းအခွန် (Agriculture Infra-structure and Development Cess) ကောက်ခံခြင်းကို ၃၁-၃-၂၀၂၄ နေ့အထိ ကင်းလွတ်ခွင့်ပြုထားရာမှ နောက်ထပ် ၁ နှစ် တိုးမြှင့်လျက် ၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ ခွင့်ပြုမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနက ၂၁-၁၂-၂၀၂၃ နေ့တွင် အကောက်ခွန်ဆိုင်ရာ အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့ပါသည်။

   ပုံမှန်အားဖြင့် ပဲနီလေးတင်သွင်းမှုအပေါ် အကောက်ခွန် ၃၀% သတ်မှတ်ထားသော်လည်း လက်ရှိကာလတွင် ဈေးနှုန်းဖောင်းပွမှုများကို ထိန်းသိမ်းနိုင်ရန်အတွက် အိန္ဒိယအစိုးရက သက်သာခွင့်ပြုထားသည်။ ယခုကဲ့သို့ အခွန်သက်သာခွင့်ပြုမည့် ကာလကို ၁ နှစ် ထပ်မံတိုးမြှင့်ခြင်းသည် သွင်းကုန်လုပ်ငန်းရှင်များကို အကျိုးဖြစ်ထွန်းစေမည်ဖြစ်ပြီး ရောင်းလိုအားအပိုင်းကို တိုးမြင့်စေမည်ဖြစ်ကြောင်း အိန္ဒိယပဲမျိုးစုံနှင့် ကောက်ပဲသီးနှံအသင်းမှ ဥက္ကဋ္ဌ Bimal Kothari က ပြောဆိုခဲ့သည်။

    အိန္ဒိယပြည်တွင်း၌ မကြာသေးမီလများအတွင်း ပဲစင်းငုံအစား ပဲနီလေးကို စားသုံးသူများက ပြောင်းလဲသုံးစွဲခဲ့ကြရာ လက်ရှိဘဏ္ဍာနှစ်တွင် ပြည်ပမှ ပဲနီလေးတင်သွင်းမှုမှာလည်း မြင့်တက်ခဲ့သည်။ ယခုနှစ် မုတ်သုံရာသီ ပုံပျက်ယွင်းခြင်းက သီးနှံများစိုက်ပျိုးထုတ်လုပ်မှုအပေါ် သက်ရောက် မှုနှင့်အတူ ပဲစင်းငုံ အဓိကပါဝင်သော ပဲမျိုးစုံ၏ ဈေးနှုန်းများကြီးမြင့်ခြင်းသည် စားသောက်ကုန် ဈေးနှုန်းများ ဖောင်းပွမှုကို တွန်းအားပေးခဲ့သည်။ ကုန်သည်အသိုင်းအဝိုင်း၏ ခန့်မှန်းချက်များအရ ဈေးနှုန်းများ မြင့်တက်မှုကြောင့် ပဲစင်းငုံအပေါ် ဝယ်လိုအားမှာ ၁၅% မှ ၂၀% အတွင်း ကျဆင်းခဲ့ပြီး စားသုံးသူများအနေဖြင့် အခြားသောပဲမျိုးများကို ပြောင်းလဲစားသုံးမှု ဖြစ်ပေါ်စေခဲ့သည်။

   နိုဝင်ဘာလအတွက် တင်သွင်းမှုပမာဏ ခန့်မှန်းချက် အပါအဝင် လက်ရှိဘဏ္ဍာနှစ် ဧပြီလမှ နိုဝင်ဘာလအထိ အိန္ဒိယ၏ ပဲနီလေးတင်သွင်းမှုမှာ တန်ချိန် ၁၁.၄၈ သိန်းခန့်ရှိနိုင်ကြောင်း၊ ၂၀၂၂-၂၃ ဘဏ္ဍာနှစ် ကာလတူ၌ တင်သွင်းမှုမှာ တန်ချိန် ၈.၅၈ သိန်းသာရှိခဲ့ကြောင်း၊ ပဲကုန်သည်များ အနေဖြင့် ယခုကဲ့သို့ အခွန်သက်သာခွင့်ပြုရန် မျှော်လင့်နေခဲ့ကြခြင်းဖြစ်ကြောင်းဖြင့် IGrain India ကုမ္ပဏီမှ လုပ်ငန်းရှင် Rahul Chauhan က ပြောကြားခဲ့သည်။ အိန္ဒိယသည် ပဲနီလေးကို ကနေဒါနှင့် ဩစတေးလျတို့မှ အဓိကတင်သွင်းခြင်းဖြစ်ပြီး မကြာသေးမီကာလကလည်း အမေရိကန် နိုင်ငံထံမှ ပဲနီလေး တင်သွင်းမှုအပေါ် တန်ပြန်အကောက်ခွန် ချမှတ်ထားရှိမှုအား ပယ်ဖျက်ပေးခဲ့သည်။

   အိန္ဒိယ စိုက်ပျိုးရေးဝန်ကြီးဌာန၏ စာရင်းများအရ ယခုနှစ် ဆောင်းသီးနှံရာသီတွင် ပဲနီလေး စိုက်ဧရိယာမှာ ဒီဇင်ဘာလ ၂၂ ရက်နေ့အထိ ဟက်တာ ၁၇.၉၇ သိန်း စိုက်ပျိုးထားရှိပြီး ယခင်နှစ် ကာလတူထက် ဟက်တာ ၀.၂ သိန်းခန့် ကျော်လွန်ခဲ့ပြီဖြစ်သည်။ သို့ရာတွင် ကုလားပဲစိုက်ပျိုးမှု လျော့နည်းနေသဖြင့် ဆောင်းသီးနှံ ပဲမျိုးစုံစိုက်ဧရိယာမှာ ယခင်နှစ်ကာလတူ စိုက်ပျိုးမှု ဟက်တာ ၁၄၈.၅၃ သိန်းကို ပြည့်မီခြင်းမရှိပဲ ဟက်တာ ၁၃၇.၁၃ သိန်းခန့်သာ စိုက်ပျိုးပြီးစီးထားသည်။

     ယခုနှစ်တွင် မဒ္ဒရာပရာဒေ့ရှ်နှင့် ဥတာပရာဒေ့ရှ် တို့ကဲ့သို့သော အဓိကပြည်နယ်များ၌ ရာသီ ဥတု ကောင်းမွန်မှုရှိသဖြင့် ပဲနီလေးထွက်ရှိမှုမှာ ယခင်နှစ်ကထက် ၅% မှ ၁၀% အထိ တိုးတက်မှု ရရှိနိုင်မည်ဟု ကုန်သည်များက မျှော်မှန်းလျက်ရှိသည်။ အိန္ဒိယ၏ ပဲနီလေး စိုက်ပျိုးထုတ်လုပ်မှုမှာ ၂၀၂၂-၂၃ ခုနှစ်တွင် တန်ချိန် ၁၅.၈ သိန်းရှိပြီး ၂၀၂၁-၂၂ ခုနှစ်၌ ထုတ်လုပ်နိုင်မှု တန်ချိန် ၁၂.၆၉ သိန်းကို ကျော်လွန်ခဲ့ကြောင်း သိရှိရသည်။

Source: The Hindu Business Line, 22 Dec 2023(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)