Main menu

အိန္ဒိယနိုင်ငံ၌ ၂၀၂၃ ခုနှစ်အတွင်း ပဲစင်းငုံ စားသုံးမှုနှုန်း ၂၀% အထိ ကျဆင်းခဲ့

Powered by Drupal

     အိန္ဒိယနိုင်ငံတွင် ပဲစင်းငုံဈေးနှုန်းများသည် ယခင်နှစ်၌ ၁ ကီလိုဂရမ်လျှင် ရူပီး ၁၃၀-၁၄၀ ခန့်သာရှိခဲ့ရာမှ ရူပီး ၂၀၀ နှုန်းအထိသို့ မြင့်တက်လာမှုအရ ၂၀၂၃ ခုနှစ်အတွင်း ပြည်တွင်း စားသုံးမှုမှာလည်း ၁၅% မှ ၂၀% ခန့်အထိ ကျဆင်းခဲ့ကြောင်း ကုန်သည်လုပ်ငန်းရှင်များက ပြောဆိုခဲ့သည်။

     ကျွမ်းကျင်သူများ၏ အဆိုအရ အိန္ဒိယနိုင်ငံ အရှေ့ပိုင်းနှင့် တောင်ပိုင်းဒေသများ၌ ပဲစင်းငုံအစား ပြည်ပမှတင်သွင်းသည့် ပဲနီလေးအစိမ်းများကို စားသုံးမှုရှိသကဲ့သို့ မြောက်ပိုင်းနှင့် အနောက်ပိုင်းဒေသများတွင် စားသောက်ကုန်လုပ်ငန်း အဖွဲ့အစည်းများသည် ပဲစင်းငုံ၏နေရာ၌ ပဲနီလေးကို အစားထိုး အသုံးပြုလာကြကြောင်း၊ ဗဟိုအစိုးရကလည်း သက်သတ်လွတ်စားသုံးသူများ အနေဖြင့် ကျန်းမာရေးအတွက် ပဲစင်းငုံအစား ကုလားပဲကိုသုံးစွဲရန် တွန်းအားပေးမြှင့်တင်ခဲ့ကြောင်း သိရှိရသည်။ ပြည်တွင်း၌ ကုလားပဲသည် စိုက်ပျိုးထုတ်လုပ်မှုနှင့် စားသုံးမှု အကြီးမားဆုံး ပဲအမျိုးအစား ဖြစ်သော်လည်း အိန္ဒိယတောင်ပိုင်းသားများအနေဖြင့် ထမင်းနှင့် တွဲဖက်စားသုံးသည့် ဆမ်ဘာ (Sambar) နှင့် ရာဆမ် (Rasam) ခေါ် ပဲဟင်းရည်များအတွက် ပဲစင်းငုံကိုသာ ပိုမိုကျယ်ပြန့်စွာ အသုံးပြုလေ့ရှိသည်။

     အိန္ဒိယပဲမျိုးစုံနှင့် ကောက်ပဲသီးနှံအသင်း (Indian Pulses and Grains Association) က စီစဉ်ကျင်းပသော webinar ဆွေးနွေးပွဲတစ်ရပ်တွင် Olam Agri India မှ လုပ်ငန်းရှင် Ankush Jain က ၂၀၂၃ ခုနှစ်အတွင်း ဟိုတယ်နှင့် စားသောက်ဆိုင်လုပ်ငန်းများ အပါအဝင် စားသောက်ကုန် လုပ်ငန်းများအပိုင်းနှင့် အိမ်ထောင်စုများ၏ စားသုံးမှုအပိုင်း ၂ ရပ်လုံး၌ ပဲစင်းငုံအပေါ် ဝယ်လိုအား သည် ၁၅% မှ ၂၀% အတွင်း ကျဆင်းခဲ့ကြောင်း၊ ပဲနီလေး၊ ပဲနီလေးအစိမ်းနှင့် ကုလားပဲတို့အား ပဲစင်းငုံ၏နေရာတွင် အစားထိုးသုံးစွဲလာကြကြောင်း၊ အထူးသဖြင့် အစိုးရ၏ Bharat Dal  အမှတ် တံဆိပ် ကုလားပဲခြမ်းကို သုံးစွဲမှုများပြားကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။

      မွန်ဘိုင်းမြို့အခြေစိုက် ပဲမျိုးစုံ သွင်းကုန်လုပ်ငန်းရှင် Satich Upadhyay ကလည်း လက်လီ ဈေးကွက်အတွင်း ပဲစင်းငုံ ဈေးနှုန်းများသည် ၁ ကီလိုဂရမ်လျှင် ရူပီးငွေ ၂၀၀ နှုန်းအထိ မြင့်တက်လာခဲ့ရာ ပဲစင်းငုံ စားသုံးမှုမှာ ကျဆင်းခဲ့ကြောင်း၊ ပဲနီလေးသည် ပဲစင်းငုံနှင့် ဆင်တူသည့် အရသာရှိ သဖြင့် အိန္ဒိယတောင်ပိုင်းတွင် အစိုးရ၏ တင်ဒါခေါ်ယူမှုများ၌ ပဲစင်းငုံအစား ပဲနီလေးအစိမ်းကို အစားထိုးဝယ်ယူမှုများ ရှိလာခဲ့ကြောင်းဖြင့် ပြောဆိုခဲ့သည်။

Source: Economic Times, 16 Dec 2023(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)