Main menu

၂၀၃၀ ပြည့်နှစ်တွင် ဆန်တင်ပို့မှု ၄ ဆအထိ မြှင့်တင်နိုင်ရန် ပါကစ္စတန် ရည်မှန်း

Powered by Drupal

    ပါကစ္စတန်နိုင်ငံသည် လက်ရှိကာလ၌ ဆန်ပို့ကုန်ကို တန်ဖိုးအားဖြင့် ဒေါ်လာ ၂.၅ ဘီလီယံခန့် နှစ်စဉ်တင်ပို့လျက်ရှိရာမှ ၂ဝ၃ဝ ပြည့်နှစ်တွင် ၄ ဆအထိတိုးမြှင့်လျက် နှစ်စဉ်တန်ဖိုး ဒေါ်လာ ၁ဝ ဘီလီယံအထိ တင်ပို့နိုင်ရန် ရည်မှန်းထားကြောင်းနှင့် ဈေးကွက်သစ်များသို့ တင်ပို့နိုင်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်းဖြင့် ၈-၁၂-၂၀၂၃ နေ့တွင် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Gohar Eijaz ဦးဆောင်ကျင်းပပြုလုပ်သည့် ပို့ကုန်အကြံပေးကောင်စီအစည်းအဝေး၌ အရာရှိတစ်ဦးက ပြောကြားခဲ့ပါသည်။

    အဆိုပါအစည်းအဝေးတွင် အစိုးရက ချမှတ်ထားသော ပို့ကုန်တန်ဖိုး ဒေါ်လာ ၁ဝဝ ဘီလီယံ ရရှိရေးရည်မှန်းချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ၁ နှစ်လျှင် ဆန်ပို့ကုန်တန်ဖိုး ဒေါ်လာ ၁ဝ ဘီလီယံ တင်ပို့နိုင်ရေးအတွက် တိကျသေချာသော လမ်းပြမြေပုံ အစီအစဉ်တစ်ရပ်ကို ရေးဆွဲသတ်မှတ်ရန် ဝန်ကြီး Gohar Eijaz က ပြောကြားခဲ့ပါသည်။

     ပါကစ္စတန်နိုင်ငံအနေဖြင့် ဆန်တင်ပို့မှုကို တစ်ဟုန်ထိုးမြှင့်တင်နိုင်ရန်အတွက် အထွက်နှုန်း မြင့်မားသည့် စပ်မျိုးစပါးများကို အသုံးပြုလျက် ကြိတ်ခွဲထုတ်လုပ်သော ဆန်များ၏ အရည်အသွေး ကောင်းမွန်အောင် ကြိုးပမ်းလျက်ရှိကြောင်း၊ ဆန်အရည်အသွေး စစ်ဆေးမှုကို ပိုမိုတင်းကျပ်လျက် နိုင်ငံတကာသို့တင်ပို့ရောင်းချရာ၌ တံဆိပ်အမှတ်အသား (Brand) စီမံခန့်ခွဲမှုကို အလေးပေး ဆောင်ရွက်ခြင်းဖြင့် လာမည့်ဘဏ္ဍာနှစ်တွင် ဆန်တင်ပို့မှုမှ တစ်နှစ်လျှင် ဒေါ်လာ ၃.၅ ဘီလီယံ ခန့်အထိ ရရှိနိုင်ဖွယ်ရှိကြောင်း၊ ပါကစ္စတန်၏ နှစ်စဉ်ဆန်တင်ပို့မှုမှာ လက်ရှိကာလတွင် ဒေါ်လာ ၂.၅ ဘီလီယံ တင်ပို့နေရာမှ သုံးနှစ်အတွင်း ၅ ဘီလီယံအထိ တိုးတက်နိုင်ဖွယ်ရှိပြီး ၂ဝ၂၉-၃ဝ ခုနှစ် ၌ နှစ်ဆပိုမိုလျက် ဒေါ်လာ ၁ဝ ဘီလီယံသို့ တိုးတက်တင်ပို့နိုင်မည်ဖြစ်ကြောင်း၊ ဥရောပသမဂ္ဂအပါအဝင် ဈေးကွက်များစွာ၏ အရည်အသွေး စံချိန်စံညွှန်း သတ်မှတ်ချက်များကို ပြည့်မီစေရေး လုပ်ဆောင်ရန်လိုအပ်ပြီး  ဥရောပသမဂ္ဂဈေးကွက်သို့ ဆန်တင်ပို့ရာတွင် ပိုးသတ်ဆေးဆိုင်ရာ သတိပေးထုတ်ပြန်ချက်များကို ကိုင်တွယ်ဖြေရှင်းသွားရမည်ဖြစ်ကြောင်း၊ အထူးသဖြင့် ဈေးကွက်တင်ပို့ရောင်းချသည့် သီးနှံများအတွက် ပိုးသတ်ဆေးဓာတ်ကြွင်းပါဝင်မှု အမြင့်ဆုံးအဆင့် သတ်မှတ်ချက် (Maximum Residue Level - MRL) ကို စစ်ဆေးဆောင်ရွက်ရမည်ဖြစ်ကြောင်းဖြင့် ပန်ဂျပ်ဆန်စပါးသုတေသနဘုတ်အဖွဲ့၏ ဥက္ကဋ္ဌ Shehzad Ali Malik က ပြောဆိုပါသည်။

     KSK ဆန်စပါးသုတေသနသိပ္ပံသည် MRL စစ်ဆေးစမ်းသပ်ခြင်းကို တစ်နေရာတည်းတွင် ဆောင်ရွက်ပေးနိုင်မည့် ဓာတ်ခွဲခန်းတည်ထောင်နိုင်ရေးအတွက် အဆိုပြုလွှာတစ်စောင်ကို တင်ပြထားပြီးဖြစ်ကြောင်း၊ ၎င်းဓာတ်ခွဲခန်းအတွက် လိုအပ်သောရန်ပုံငွေကို ပို့ကုန်ဖွံ့ဖြိုးတိုးတက်မှု ရန်ပုံငွေမှ ကျခံသုံးစွဲရန် စဉ်းစားနိုင်ကြောင်း၊ ပါကစ္စတန်၌ ကုန်အမှတ်တံဆိပ် မှတ်ပုံတင်ထားသော စားသုံးကုန်စည်များ၏ Brand အမှတ်တံဆိပ်များကို ပင်လယ်ရပ်ခြားဈေးကွက်များတွင်  မူပိုင်ခွင့်နှင့် အမှတ်တံဆိပ် မှတ်ပုံတင်ပြုလုပ်နိုင်ရေးအတွက် အထောက်အပံ့များ ပေးအပ်သင့်ကြောင်းနှင့် ပြည်ပ၌ တာဝန်ထမ်းဆောင်နေသည့် စီးပွားရေးသံမှူးများအနေဖြင့် ပါကစ္စတန်၏ Brand အမှတ်တံဆိပ်ပါရှိသော ထုတ်ကုန်များကို ဒေသခံတင်သွင်းသူများနှင့် ရောင်းချဖြန့်ဖြူးသူများနှင့်  ဆက်သွယ်မိတ်ဆက်ဆောင်ရွက်သင့်ကြောင်းဖြင့်လည်း Malik က ပြောကြားခဲ့ပါသည်။

Source: The News International, 9 Dec 2023(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)