Main menu

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ (၁/၂၀၂၃)ကြိမ်မြောက် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်

Powered by Drupal

     ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ (၁၇)ရက်နေ့ နံနက်(၀၉:၀၀)အချိန်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ စားသုံးသူရေးရာဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ "စားသုံးသူများဘေးကင်းလုံခြုံစိတ်ချ ရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ" (၁/၂၀၂၃)ကြိမ်မြောက် အလုပ်ရုံ ဆွေးနွေးပွဲအခမ်းအနားကို အပိုင်းနှစ်ပိုင်းခွဲ၍ ကျင်းပပြုလုပ်ခဲ့ရာ ပထမပိုင်းအနေဖြင့် တိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီဥက္ကဌ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးက တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာကြသော စားသုံးသူရေးရာ ကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင်များနှင့်အတူ မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခြင်း ဆောင်ရွက်ခဲ့ကြပါသည်။

   ဆက်လက်၍ အခမ်းအနားအစီအစဉ် ဒုတိယပိုင်းအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဝင်းက အလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း၊ စားသုံးသူရေးရာဌာနခွဲနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ ကြီးကြပ် သူတာဝန်ခံအရာရှိက ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း ဆိုင်ရာလိုက်နာဆောင်ရွက်ရမည့် အချက် များအားရှင်းလင်းဆွေးနွေးခြင်း၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ခံအရာရှိက အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ဘေးဥပါဒ်အန္တရာယ်ကင်းရှင်းသည့် အစားအသောက်များဖြစ်စေရေးအတွက် ၎င်းတို့ဌာန၏အခန်းကဏ္ဍအားရှင်းလင်းဆွေးနွေးခြင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီး ဌာနမှဦးစီးအရာရှိက စားသောက်ကုန်များ ဘေးအန္တရာယ်ကင်းရှင်း ရေးနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းမှတ်ပုံတင်ခြင်းအကြောင်း ရှင်းလင်းဆွေးနွေးခြင်း၊ စည်ပင်သာယာရေးအဖွဲ့မှလက်ထောက် ညွှန်ကြားရေးမှူးက ဌာန၏လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းဆွေးနွေးခြင်း၊ မကွေးတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဌက လုပ်ငန်းအတွေ့အကြုံများအားဆွေးနွေးခြင်း၊ မကွေးတိုင်းဒေသကြီး ဆီစက်လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူက ဆီစက်လုပ်ငန်းလုပ်ကိုင်မှုနှင့်ပတ်သက်၍ ဆွေးနွေးခြင်းနှင့် မကွေးတိုင်းဒေသကြီး စားသောက်ကုန်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူက မုန့်လုပ်ငန်းလုပ်ကိုင်မှုနှင့် ပတ်သက်၍ ၎င်းတို့၏ အခက်အခဲများအား ဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြပြီး တက်ရောက်လာကြသည့် လုပ်ငန်းရှင်များမှသိလိုသည်များအား ပြန်လည်မေးမြန်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

အလုပ်ရုံဆွေးနွေးပွဲမှ  -

 (၁)    မကွေးတိုင်းဒေသကြီးအတွင်း  ထုတ်လုပ်သည့်ကုန်စည်များအားလုံး ဥပဒေပြဌာန်းချက်ပါ သတ်မှတ်ချက်များနှင့်အညီ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြခြင်း ကို လုပ်ငန်းရှင်တစ်ဦးချင်းမှ လိုက်နာဆောင်ရွက်ရန်၊

(၂) ဈေးကွက်အတွင်း ကုန်စည်များ ဖြန့်ဖြူးရောင်းချလျှက်ရှိသည့် လုပ်ငန်းရှင်များ၊ စူပါမားကတ်၊ စတိုးဆိုင်၊ ကုန်စုံဆိုင်ပိုင်ရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြထားခြင်းမရှိသော ကုန်စည်များကို ရောင်းချခြင်းမပြုရန်၊

(၃)  ကုန်စည်များထုတ်လုပ်ရာတွင် မိမိထုတ်ကုန်နှင့်ပတ်သက်၍ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ အရည်အသွေးကောင်းမွန်မှန်ကန်စေရေး၊ တာဝန်ယူမှုတာဝန်ခံမှုရှိစေရေးနှင့် အာမခံချက်ပေးနိုင်ရေးတို့ကို အလေးထားဆောင်ရွက်သွားရန်၊

 (၄)    ဈေးကွက်အတွင်း ကုန်စည်များရောင်းချရာတွင် သက်ဆိုင်ရာဌာနများက စားသောက်ရန်၊ သုံးစွဲရန် မသင့်ကြောင်း ထုတ်ပြန်ကြေငြာထားသော ဘေးအန္တရာယ်ရှိသည့် ကုန်စည်များ၊ စားသုံးသူထိခိုက်နစ်နာမှုဖြစ်စေမည့် ကုန်စည်များအား ရောင်းချခြင်း မပြုရန်၊ 

(၅)     စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေးသည် တစ်မျိုးသားလုံးကျန်းမာသန်စွမ်းရေးအတွက် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထားဆောင်ရွက်သွားရန်၊

(၆)     ထုတ်လုပ်/ ဖြန့်ဖြူးသူလုပ်ငန်းရှင်များအား ဥပဒေပါပြဌာန်းချက်များအပေါ် သိရှိနားလည် သဘောပေါက်မှုနည်းပါးနေသည့်အတွက် အသိပညာပေးခြင်းများ ဆောင်ရွက်သွားရန်၊

စသည့်ဖော်ထုတ်ချက်(၆)ချက်အားဆုံးဖြတ်ရယူနိုင်ခဲ့ပြီး အခမ်းအနားအား (၁၂:၃၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် တိုင်းဒေသကြီး စားသုံးသူရေးရာ ကော်မတီအဖွဲ့ ဥက္ကဌ၊ စီးပွားရေးရာဝန်ကြီး၊ ကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဆီစက်လုပ်ငန်းရှင်များ၊ မုန့်မျိုးစုံလုပ်ငန်းရှင်များ၊ စတိုးဆိုင်လုပ်ငန်းရှင်များ စုစုပေါင်း(၆၄)ဦးတက်ရောက်ခဲ့ကြကြောင်း သတင်း ရရှိပါသည်။

DOCA(မကွေး)