Main menu

စစ်ကိုင်းခရိုင်အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းထုတ်ကုန်များပြပွဲနှင့် ဈေးရောင်းပွဲတော်ကျင်းပ

Powered by Drupal

   နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက် ၃ရပ်အနက် တိုးတက်ကောင်းမွန်လာသည့် စီးပွားရေး မောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရန် ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် စစ်ကိုင်းခရိုင် အသေးစား၊ အငယ်စား၊ အလတ်စား MSME စီးပွားရေးလုပ်ငန်းများ၏ ထုတ်ကုန်များပြပွဲနှင့် ဈေးရောင်းပွဲတော်ကို စစ်ကိုင်းမြို့၊ မြို့တော်ခန်းမ၌ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ၁၆ရက်နေ့နှင့် ၁၇ရက်နေ့တို့တွင် ကျင်းပပြုလုပ်ခဲ့သည်။

   စစ်ကိုင်းခရိုင် အသေးစား၊ အငယ်စား၊ အလတ်စား MSME စီးပွားရေးလုပ်ငန်းများ၏ ထုတ်ကုန်များပြပွဲနှင့် ဈေးရောင်းပွဲတော်ဖွင့်ပွဲအခမ်းအနားကို အစီအစဉ်(၉)ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ဒေသထုတ်ကုန်ပြပွဲနှင့်ဈေးရောင်းပွဲတော်ကို မုံရွာမြို့၌ ၃ကြိမ်ကျင်းပခဲ့ပြီး၊ စစ်ကိုင်းမြို့၌ကျင်းပခြင်းသည် ယခုပထမအကြိမ်ဖြစ်ကြောင်း၊ MSMEလုပ်ငန်းများသည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးမြှင့်တင်မှုနှင့် စီးပွားရေးတိုးတက်မှုအတွက် အဓိကမောင်းနှင်အားဖြစ်ကြောင်း၊ နိုင်ငံစီးပွားရေး၏ ၉၀ရာခိုင်နှုန်း ကျော်သည် အသေးစား၊ အငယ်စား၊ အလတ်စား MSME စီးပွားရေးလုပ်ငန်းများဖြစ်ပြီး၊ ယခုကဲ့သို့ ပြပွဲနှင့် ဈေးရောင်းပွဲတော်ကျင်းပခြင်းဖြင့် စီးပွားရေးလုပ်ငန်းများအချင်းချင်း ဆက်သွယ်မှုရရှိပြီး ဒေသတွင်း ဈေးကွက်ကွန်ရက်များချိတ်နိုင်မည်ဖြစ်၍ စီးပွားရေးလုပ်ငန်းများအတွက် အကျိုးကျေးဇူးများစွာရရှိမည်ဖြစ်ကာ ဒေသတွင်း စီးပွားရေးတိုးတက်ခြင်းနှင့်အတူ နိုင်ငံ့စီးပွားရေး မြှင့်တင်ရာ ရောက်ကြောင်း ပြောကြားခဲ့သည်။

     ဆက်လက်၍မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)မှ အတွင်းရေးမှူး ဦးစိုးဟိန်းက MSMEs Development Strategy Implementation Plan ခေါင်းစဉ် ဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးဦးဆန်းထွဋ်ကိုက ဌာန၏လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကိုလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်မေမျိုးဇော်က မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ၊ ရင်းနှီးမြှုပ်နှံမှုဥပဒေ နည်းဥပဒေများအကြောင်းကို လည်းကောင်း၊ စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးခင်မောင်ဆင့်က စစ်ကိုင်းခရိုင်အတွင်းရှိ MSME စီးပွားရေးလုပ်ငန်းများအကြောင်းကိုလည်းကောင်း၊ စစ်ကိုင်းစက်မှုဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးကိုကိုမြင့်က စက်မှုဇုန်အတွင်း လုပ်ငန်းဆောင်ရွက်နိုင်မှု အခြေအနေများကိုလည်းကောင်း ဆွေးနွေးပြောကြားပြီးနောက် စီးပွားရေးလုပ်ငန်းရှင်များဖြစ်သည့် ဂရိတ်ဝေါကုမ္ပဏီ ဦးတင်မောင်၊ မဟာနီလာသုံးဘီးဆိုင်ကယ်လုပ်ငန်းရှင်ဒေါ်နီလာအေး၊ ငွေထည်ကြေးထည်လုပ်ငန်းရှင်ဦးထွန်းထွန်း၊စိန်ကြည်ခေါက်ဆွဲစက်လုပ်ငန်းရှင် ဦးရန်ရီဆ၊ အမှတ်(၃)ဇွန်ဆေးဝါးလုပ်ငန်းမှ ဒါရိုက်တာ ဦးစန်းထွန်းအောင်၊ စံပြ ဝက်မွေးမြူရေးခြံလုပ်ငန်းရှင် ဦးစန်းယု၊ စစ်ကိုင်းဆီစက်လုပ်ငန်းရှင် ဦးညီညီဦးတို့က မိမိတို့၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့်  တွေ့ကြုံနေရသည့် အခက်အခဲများကို တင်ပြဆွေးနွေးခဲ့ရာ  တိုင်းဒေသကြီးဝန်ကြီးချုပ်က သက်ဆိုင်သည့် ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားသို့ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်မိ ရပ်ဖများ၊ လုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသည့်ဧည့်သည်များ စသည့်ဖြင့် တက်ရောက်သူ စုစုပေါင်း ၂၀၀ ဦးကျော် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

     စစ်ကိုင်းမြို့၊ မြို့တော်ခန်းမအတွင်းနှင့် ခန်းမအပြင် အရှေ့ဘက်ခြမ်း၊ အနောက်ဘက်ခြမ်းတို့တွင် ဂရိတ်ဝေါကုမ္ပဏီမှ သစ်တောနှင့်သစ်တောထွက်ပစ္စည်းအမျိုးမျိုး၊ စိမ်းပြာရေညှိဖြင့် ထုတ်လုပ်သော ဇွန်ဆေးဝါးနှင့် စားသောက်ကုန်များ၊ စစ်ကိုင်းစက်မှုဇုန်ထုတ် စက်မှုလူသုံးကုန်ပစ္စည်းများ၊ မွေးမြူရေးထုတ်ကုန်၊ စိုက်ပျိုးရေးထွက်ကုန်၊ရေထွက်ပစ္စည်းအမျိုးမျိုး၊ ပိုးထည်၊ ငွေထည်ကြေးထည်၊ ကျောက်စိမ်းပုတီးအချောထည်၊ ကြိမ်ထည်၊ ဂစ်တာ၊ နို့နှင့်နို့ထွက်ပစ္စည်း၊ ကိတ်မုန့်အမျိုးမျိုး၊ ခေါက်ဆွဲခြောက်အမျိုးမျိုး စသည့်ဆိုင်ခန်းပေါင်း ၇၀ခန်းပြသခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)