ကမ္ဘောဒီးယားနိုင်ငံသည် ယခုနှစ် ပထမ ရှစ်လအတွင်း စျေးကွက် ၅၆ ခုသို့ အမေရိကန်ဒေါ်လာ ၂၇၈.၆၅ သန်း တန်ဖိုးရှိ ကြိတ်ခွဲပြီးဆန် တန်ချိန် ၄၀၀,၀၀၀ ကျော် တင်ပို့ခဲ့ပါသည်။ ကမ္ဘောဒီးယား ဆန်စပါးအသင်းချုပ် (CRF) မှ နောက်ဆုံး ထုတ်ပြန် သည့် ကိန်းဂဏန်းများအရ ဥရောပဒေသသည် အကြီးမားဆုံးဈေးကွက်ဖြစ်ကြောင်း၊ ကမ္ဘောဒီးယားကုမ္ပဏီ ၅၅ ခုသည် ဆန်တန်ချိန် ၇၀၀,၀၀၀ တင်ပို့ရန် သတ်မှတ်ထားသည့် ပို့ကုန်ရည်မှန်းချက်၏ ၅၈ ရာခိုင်နှုန်းခန့်ကို ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
ဥရောပ ဈေးကွက်ရှိ နိုင်ငံ ၂၆ နိုင်ငံမှ ဒေါ်လာ ၁၁၃.၇၃ သန်းတန်ဖိုးရှိ ဆန် ၁၆၄၆၈၂ တန် တင်သွင်းခဲ့ပြီး တရုတ်နိုင်ငံရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများက ကမ္ဘောဒီးယားမှ ဒေါ်လာ ၉၁.၆၄ သန်းတန်ဖိုးရှိ ကြိတ်ခွဲပြီး ဆန်တန်ချိန် ၁၄၃၈၁၈ တန်ကို ဝယ်ယူခဲ့သည်။ အာဖရိကနှင့် အရှေ့ အလယ်ပိုင်းဒေသမှ နိုင်ငံပေါင်း ၂၂ နိုင်ငံသည် ယခုနှစ် ပထမ ၈ လအတွင်း တန်ဖိုးအားဖြင့် ဒေါ်လာ ၄၉.၅၈ သန်းဖြင့် ကမ္ဘောဒီးယားထံမှ ဆန်တန်ချိန် ၅၆,၅၀၇ တန် တင်သွင်းခဲ့ပြီး အာရှဒေသရှိ နိုင်ငံ ၅ ခုက ဒေါ်လာ ၂၃.၆၄ သန်းတန်ဖိုးရှိ ဆန် ၃၆,၆၉၂ တန် ဝယ်ယူခဲ့ကြောင်း ၉-၉-၂၀၂၃ ရက်၊ စနေနေ့၌ CRF မှ ထုတ်ပြန်ခဲ့သည့် စာရင်းဇယားများအရ သိရသည်။
ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဟွန်မာနက်က ၉-၉-၂၀၂၃ ရက်နေ့၌ Kampong Speu ပြည်နယ် Samrong Tong ခရိုင်ရှိ စက်ရုံ ၁၄ ရုံမှ အလုပ်သမား ၁၈,၂၆၅ ဦးသို့ မိန့်ခွန်း ပြောကြားရာတွင် လာမည့် လေးနှစ်အတွင်း ကမ္ဘောဒီးယားဆန် တန်ချိန် ၂၅၀,၀၀၀ တင်သွင်းရန် အင်ဒိုနီးရှားနိုင်ငံက သဘောတူညီခဲ့ကြောင်း၊ အစိုးရတွင် ကြိတ်ခွဲပြီးဆန် မရှိသည့်အတွက် လယ်သမားများထံမှ ဝယ်ယူ၍ ဈေးကွက်တင်ရမည်ဖြစ်ကြောင်း၊ ပထမအဆင့်တွင် ကမ္ဘောဒီးယား မှ အင်ဒိုနီးရှားသို့ ဆန်တန်ချိန် တစ်သိန်း တင်ပို့မည်ဖြစ်ကြောင်း ပြောဆိုသည်။
ပထမ ၈ လအတွင်း ကမ္ဘောဒီးယားမှ တင်ပို့ခဲ့သည့် ဆန်အမျိုးအစားများထဲတွင် ဆန်မွှေးတင်ပို့မှုမှာ စုစုပေါင်းပို့ကုန်ပမာဏ၏ ၈၁.၉၃ ရာခိုင်နှုန်းအား လွှမ်းခြုံနိုင်ခဲ့ပြီး ဆန်ဖြူ ၁၂.၉၉ ရာခိုင်နှုန်း၊ ပြုတ်ဆန် ၃.၃၃ ရာခိုင်နှုန်း၊ အော်ဂဲနစ်ဆန် ၁.၇၃ ရာခိုင်နှုန်းနှင့် ဂျပွန်နိကာဆန် ၀.၀၂ ရာခိုင်နှုန်း အသီးသီးရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
သို့ရာတွင် ကမ္ဘောဒီးယားပြည်သူများသည် နယ်စပ်မှတစ်ဆင့် ဒေါ်လာ ၈၁၄.၁၇ သန်း တန်ဖိုးရှိ စပါးတန်ချိန် ၃ သန်းနီးပါး ကုန်သွယ်ခဲ့ပြီး ယင်းတို့အနက်မှ ၅၉ ရာခိုင်နှုန်းသည် အခွင့်ရအာဏာပိုင်များထံတွင် စာရွက်စာတမ်းများလျှောက်ထား၍ တရားဝင်ကုန်သွယ်ခဲ့ခြင်းဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
Source: Khmer Times, September 12, 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)