Main menu

အိမ်တွင်းတစ်ပိုင်တစ်နိုင် ရင်စံ သဘာဝကြက်သွန်နီခြောက်ထုတ်လုပ်ခြင်း လုပ်ငန်းအားလေ့လာခြင်း

Powered by Drupal

          ကြက်သွန်နီကို မီးဖိုချောင်သီးနှံအဖြစ်သော်လည်းကောင်း၊ ဆေးဖက်ဝင်သီးနှံအဖြစ်သော် လည်းကောင်း အသုံးပြုကြပြီး လွန်ခဲ့သောနှစ်ပေါင်း (၅၀၀)ကျော်က စတင်စိုက်ပျိုးခဲ့ကြပါသည်။ အီဂျစ်၊ အီတလီနိုင်ငံများမှ ရှေးဟောင်းယဉ်ကျေးမှုများတွင် ကြက်သွန်နီကို အလေးထားအသုံးပြုခဲ့ကြကြောင်း လည်း လေ့လာသိရှိရပါသည်။ကြက်သွန်နီကို ဟင်းခတ်အမွှေးအကြိုင်အဖြစ် ကမ္ဘာ့လူမျိုးပေါင်းစုံတို့တွင် အသုံးပြုလျှက်ရှိပြီး ဥအပြင် အမြိတ်ကိုလည်း စားသုံးနိုင်ပါသည်။ ယခုအခါ ကြက်သွန်နီကို ကြာရှည်ခံ အောင် အအေးခံ၍လည်းကောင်း၊ အခြောက်ခံရေထုတ်၍သော်လည်းကောင်း၊ အမှုန့်ပြုလုပ်၍သော် လည်းကောင်း သိုလှောင်ကြပါသည်။ ကြက်သွန်နီသည် သာမာန်အအေးမိခြင်း၊ နှလုံးရောဂါ၊ လေးဘက်နာ၊ အရိုးကြွပ်ဆတ်ရောဂါနှင့် အခြားသောရောဂါများကို ကုသရာတွင် ထိရောက်မှုရှိသည်။ ထိခိုက်ခြင်းကြောင့် ရောင်ရမ်းနာကျင်သော ဒဏ်ရာကိုလည်း သက်သာစေသည်။ မြန်မာ့ဆေးကျမ်းများ အရ ကြက်သွန်နီသည် ချို၏ စပ်၏ အနည်းငယ်ပူ၏ လေသလိပ်၊ အဖျား၊ ချောင်းဆိုးနာတို့ကို နိုင်၏ ဆီးရွှင်စေ၏ နှုတ်မမြိန်၊ အော့အန်ရောဂါတို့ကို ပျောက်စေ၏ ခွန်အားကို ဖြစ်စေ၍ သုတ်အားကို ပွားများ စေတတ်၏ ကြက်သွန်နီကိုအစိမ်းစားခြင်းဖြင့် ဆီးချုပ်ရောဂါပျောက်ကင်း၍ ဆီးရွှင်စေ၏ ကြက်သွန်နီစေ့ ကို ထောင်းစားပါက အားတိုးစေ၏ မီးဖုတ်ထားသော ကြက်သွန်နီကို ခွဲ၍ ဆီးအိမ်ပေါ်၌ ပူပူနွေးနွေးကပ် ပေးပါက ကလေးဆီးချုပ်ရောဂါပျောက်၏ ကြက်သွန်နီအရည်ကို ကလေးအားအနည်းငယ်တိုက်ကျွေး လျှင် ဝမ်းဗိုက်နာရောဂါပျောက်၏ သကြားနှင့်ကြန်သွန်နီအရည်ညှစ်၍ ရှာလပတ်ရည်လုပ်သောက်သော် ဆီးပူ၊ ဝမ်းရောဂါပျောက်၏ အစရှိသဖြင့် ရောဂါမျိုးစုံကိုလည်း ကာကွယ်ကုသနိုင်ပါသည်။

          ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း မကွေးတိုင်းဒေသကြီးတွင် ကြက်သွန်နီစိုက်ဧက (၂၉၂၈၈)ဧကရှိပြီး ကြက်သွန်နီပိဿာချိန် သိန်းပေါင်း (၁၅၀၀)ဝန်းကျင်ခန့် ထွက်ရှိကြောင်း လေ့လာ သိရှိရပါသည်။ ယခုနှစ်ကြက်သွန်ပေါ်ချိန်တွင် ကြက်သွန်နီ ဈေးနှုန်းများကျဆင်းပြီး ကြက်သွန်စိုက် တောင်သူများအရှုံးပေါ်နေသဖြင့် ကြက်သွန်နီစိုက်ပျိုးထုတ်လုပ်မှု စရိတ်ကိုကာမိစေပြီး ထိုက်သင့်သော အကျိုးအမြတ်ရရှိစေရေးအတွက် တောင်သူလယ်သမားအခွင့်အရေး နှင့်အကျိုးစီးပွားကာကွယ်ရေးဥပဒေ အရ စပါးကို နှစ်စဉ်အခြေခံရည်ညွှန်းရေးသတ်မှတ်သကဲ့သို့ ကြက်သွန်နီကိုလည်း အခြေခံရည်ညွှန်းဈေး သတ်မှတ်နိုင်ရေး ဆောင်ရွက်လျှက်ရှိပါသည်။ ထို့အပြင် ကြက်သွန်နီကို ပြည်တွင်းပြည်ပဈေးကွက်ခိုင်မာ စေရေးအတွက် သက်ဆိုင်ရာဌာနများမှ ဈေးနှုန်းသတင်း အချက်အလက်များ ရရှိရေးဆောင်ရွက်ပေးရန် လိုအပ်သကဲ့သို့ ကြက်သွန်နီမှ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ရေးကို မဖြစ်မနေဆောင်ရွက်ရန် လိုအပ်လာသည့်အတွက် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ် ဒေါင်းနေကျေးရွာတွင် တည်ရှိပြီး ရင်စံသဘာဝကြက်သွန်ခြောက် ထုတ်လုပ်ခြင်းလုပ်ငန်းအား ကွင်းဆင်းလေ့လာမေးမြန်းခဲ့မှုအား ပြည်သူများ သိရှိနိုင်ရန် မျှဝေလိုက်ပါသည်။

          ရင်စံ ကြက်သွန်နီခြောက် ထုတ်လုပ်သည့်လုပ်ငန်းမှာ တစ်ပိုင်တစ်နိုင်အိမ်တွင်း အသေးစားစီးပွား ရေးလုပ်ငန်းတစ်ခုဖြစ်ပြီး ကုန်ကြမ်းအနေဖြင့် ကုန်းကြက်သွန်ကိုသာ အဓိကထားအသုံးပြုကြောင်း၊ ကြက်သွန်နီများကို ရေကြောပြတ်အောင် ကန့်လန့်ဖြတ်အကွင်းလိုက် လှီးဖြတ်ရကြောင်း၊ မလှီးဖြတ်ခင် ကြက်သွန်နီများကို ရေစိမ်ထားရပြီး အခွံခွာပြီးလျှင်လည်း ရေထပ်မံစိမ်ထားပြီးမှ အကွင်းလိုက်လှီးဖြတ်ရ ကြောင်း၊ လှီးပြီးသား ကြက်သွန်နီများကို ၄ပေအမြင့်ရှိ စင်များပေါ်တွင် ဗန်းများဖြင့်ခင်း၍ ဖုန်၊ သဲများ မဝင်စေရန် အပေါ်မှ အဖြူရောင်ပလတ်စတစ်စအုပ်၍ အခြောက်လှန်းရကြောင်း၊ ကြက်သွန်နီ ကိုးပိဿာ လှီးဖြတ်ပါက အခြောက်တစ်ပိဿာထွက်ရှိပါကြောင်း၊ စက်ဖြင့်လှီးဖြတ်ပါက လိုချင်သည့်ပုံစံမရရှိသဖြင့် လက်ဖြင့်သာလှီးဖြတ်ရကြောင်း၊ သို့ဖြစ်၍ ကျေးရွာရှိ အမျိုးသမီးများအား ငှားရမ်းသုံးစွဲရသည့်အတွက် အမျိုးသမီးများအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိကြောင်း၊ အများအားဖြင့် ဒေါင်းနေကျေးရွာ ဝန်းကျင်မှထွက်ရှိသည့် ကုန်းကြက်သွန်များကို အသုံးပြုသော်လည်း ယခင်နှစ်က ဈေးကွက်လိုအပ်ချက် ရှိ၍ ကြက်သွန်တစ်ပိဿာ ၆၀၀ကျပ်ဖြင့် ပြင်ပမှ ဝယ်ယူထုတ်လုပ်ခဲ့သော်လည်း တွက်ခြေကိုက် ခဲ့ကြောင်း၊ ဈေးကွက်အနေဖြင့် ရန်ကုန်မြို့ရှိ စူပါမားကတ်များနှင့် ဈေးဝယ်စင်တာများ၊ အချိန်မပေး နိုင်သည့် အိမ်ရှင်မများသို့ နမူနာပေး၍ ရောင်းချလျက်ရှိကြောင်း၊ နောက်တွင် ပြည်ပနိုင်ငံများအထိ တင်ပို့ ရောင်းချနိုင်ရေး စီစဉ်ဆောင်ရွက်လျှက်ရှိပါကြောင်း၊ ရောင်းချမှုအနေဖြင့် ၈၀၀ဂရမ်တစ်ထုပ်လျှင် ၆၆၀၀ ကျပ်နှုန်း၊ ၄၅၀ဂရမ် တစ်ထုပ်လျှင် ၄၄၀၀ကျပ်နှုန်း၊ ၃၀၀ဂရမ် တစ်ထုပ်လျှင် ၂၉၅၀ကျပ်နှုန်းဖြင့် ဖြန့်ဖြူး ရောင်းချလျှက်ရှိကြောင်းလည်း သိရပါသည်။ ကြက်သွန်နီကို ဆီဖြင့်ကြော်၍ ကြက်သွန်ကြော်ထုပ်များ လည်း ဈေးကွက်အတွင်းရှိရာ ကြက်သွန်ကြော်ထုပ်များမှာ ထုတ်လုပ်သည်မှ တစ်လခွဲ နှစ်လသာ အထားခံသည့်အတွက် ကြက်သွန်ကိုမကြော်ဘဲ ရေဓါတ်ကုန်သည်အထိ အခြောက်လှမ်းထားသော ရင်စ ကြက်သွန်ခြောက်များမှာ တစ်နှစ်ခွဲခန့်အထိ အရည်အသွေးမပျက် အထားခံကြောင်း လေ့လာသိရှိရပါသည်။ ငွေကြေးအရင်းအနှီးမပြည့်စုံသည့် မြန်မာ့ကျေးလက် တောင်သူများအနေဖြင့် ရင်စံကြက်သွန်ခြောက် ထုတ်လုပ် သည့်လုပ်ငန်းအား သွားရောက်လေ့လာ၍ အတုယူဆောင်ရွက်သင့်ပါကြောင်း တင်ပြလိုက် ပါသည်။

          ဤကဲ့သို့ သဘာဝကြက်သွန်နီခြောက်ထုပ်ပိုးသည့်လုပ်ငန်းသည် အိမ်တွင်းစီးပွားဖြစ် လုပ်ငန်းဖြစ် သည့်အပြင် သုံးစွဲသူများဘက်မှလည်း အချိန်ကုန်သက်သာစွာဖြင့် ကြော်လှော်ချက်ပြုတ်နိုင်သောကြောင့် လွန်စွာအကျိုးရှိကြောင်း တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ သဘာဝကြက်သွန်နီခြောက်လုပ်ငန်းအား တစ်ပိုင် တစ်နိုင် စီးပွားဖြစ်လုပ်ကိုင်ရန်သင့်တော်သည့် လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး