Main menu

ပခုက္ကူမြို့၏ နာနတ်သီးဈေးကွက်

Powered by Drupal

   ဇွန်လ၊ ဇူလိုင်လနှင့် ဩဂုတ်လများတွင် နာနတ်သီးများလှိုင်လှိုင်ပေါသောရာသီဖြစ်ပြီး  ရှမ်းပြည် (မြောက်ပိုင်း) ဒေသဖြစ်သည့် ကွတ်ခိုင်၊ နောင်ချို၊ သီပေါ၊ ကျောက်မဲတို့မှ အများဆုံးထွက်ရှိကြောင်းသိရှိရသည်။ ၎င်းဒေသတို့မှထွက်ရှိသော နာနတ်သီးများကို မြန်မာပြည်အနှံ့အပြားသို့ တင်ပို့ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်းသိရှိရပြီး ပခုက္ကူဈေးကွက်သို့ သီပေါနှင့် ကျောက်မဲမြို့တို့မှ နာနတ်သီးများ နေ့စဉ်ဝင်ရောက်လျက်ရှိကြောင်းသိရှိရသည်။

     နာနတ်သီးသည် အင်ဇိုင်းအပြင် ဗီတာမင်စီ၊ ဗီတာမင်အေနှင့် အင်တီအောက်ဆီးဒင့်များ များစွာပါဝင်သောကြောင့် ကိုယ်ခံအားကိုကောင်းမွန်စေသည့်အပြင် သွေးအတွင်း မကောင်းသောအဆီဓာတ်များကိုပါလျော့ချနိုင်သောကြောင့် သွေးတိုးရောဂါဖြစ်ပွားခြင်းများကိုလည်းလျှော့ချပေးနိုင်ကြောင်း၊ ထို့ပြင် မျက်စိအမြင်အာရုံကိုအထောက်အကူပြုပြီး အလှအပရေးရာအနေဖြင့်လည်း တစ်ပတ်လျှင်တစ်ခါ ပေါင်းတင်ပါက နာနတ်သီးတွင်ပါဝင်သော အင်ဇိုင်းဓာတ်ကြောင့် အသားအရေကိုဝင်းစေပြီး အရေပြားတွန့်ခြင်းကို အထူးကာကွယ်ပြီး ပျက်စီးနေသေည့်ဆဲလ်များကို  အမြန်ဆုံးပြည်လည်ဖြည့်တင်းပေးခြင်းဖြင့် အိုမင်းရင့်ရော်ခြင်းကိုလည်းကာကွယ်ပေးကြောင်း၊ ဝါဆိုသင်္ကန်းများကပ်လှူကြရာတွင်လည်း သံဃာတော်များအား အချိုပွဲများအဖြစ် ဆပ်ကပ်လှူဒါန်းကြကြောင်းသိရှိရသည်။

    ပခုက္ကူမြို့၏အနောက်ဘက် ပန်းခြံဈေးတွင် နာနတ်သီးကားများမှာ သီပေါနှင့် ကျောက်မဲမြို့တို့မှ တိုက်ရိုက်သော်လည်းကောင်း၊ မန္တလေးပွဲရုံများမှ တစ်ဆင့်သယ်ယူ၍သော်လည်းကောင်း (၁၀) ဘီး၊ (၆) ဘီးကား၊ ဟိုက်ဂျက်ကားများဖြင့် တန်းစီးရောင်းချလျက်ရှိကြောင်း၊ (၁၀) ဘီးကားတစ်စီးလျှင် အလုံးရေ (၁) သောင်းကျော်နှင့် ဟိုက်ဂျက်ကားလေးများမှာ တစ်စီးလျှင် အလုံးရေ (၇၀၀) ကျော်ပါဝင်ကြောင်းသိရှိရပြီး နာနတ်သီးအလုံးကြီးတစ်လုံးလျှင် ကျပ် (၁၅၀၀)၊ အလတ်တစ်လုံးလျှင် ကျပ် (၁၃၀၀)၊ အသေးတစ်လုံးလျှင် ကျပ် (၁၀၀၀) ဖြင့် အရွယ်အစားကိုလိုက်၍ ရောင်းချလျက်ရှိကြောင်း၊ ဝင်ရောက်လာသောနာနတ်သီးများကို လက်လီရောင်းချနေသောဈေးသည်များကလည်း တစ်ဆင့်ပြန်လည်ရောင်းချခြင်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မကွေး)