Main menu

ကျောက်ပန်းတောင်းမြို့နယ် မြေပဲစိုက်ပျိုးထွက်ရှိမှု၊ ဈေးနှုန်းဈေးကွက်နှင့် တောင်သူအကျိုးအမြတ်ရရှိမှု အခြေအနေ

Powered by Drupal

    မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ဆီထွက်သီးနှံဖြစ်သည့် မိုးမြေပဲကို အဓိကစိုက်ပျိုးလျက်ရှိပြီး ဆောင်းမြေပဲကို အနည်းငယ်သာစိုက်ပျိုးမှုရှိပါသည်။ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် မိုးမြေပဲကို (၆၁၂၆၈)ဧက စိုက်ပျိုးခဲ့ပြီး တစ်ဧကပျမ်းမျှအထွက်နှုန်း (၄၂.၂၅) တင်းနှုန်းဖြင့် တင်းပေါင်း(၂၅၈၈၅၇၃)တင်းထွက်ရှိခဲ့ပါသည်။ ဆောင်းမြေပဲစိုက်ပျိုးမှုအနေဖြင့် (၁၉၆)ဧကသာ စိုက်ပျိုးခဲ့ပြီး တစ်ဧကပျမ်းမျှအထွက်နှုန်းမှာ(၄၆)တင်းဖြင့် တင်းပေါင်း(၉၀၁၆)တင်း ထွက်ရှိခဲ့ပါသည်။ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် မိုးမြေပဲကို စိုက်ပျိုးရန်လျာထားမှုအနေဖြင့် (၅၈၂၇၁) ဧကလျာထားမှုရှိပြီး ဇွန်လကုန်အထိ (၂၇၅၂၅)ဧကစိုက်ပျိုးပြီးဖြစ်ပါသည်။ ဆောင်းမြေပဲစိုက်ပျိုးရန် လျာထားမှုမှာ(၃၁၉)ဧက ရှိပါသည်။ နှစ်စဉ် ဩဂုတ်လတွင် ကျောက်ပန်းတောင်းမြို့နှင့် ထိစပ် လျက်ရှိသောကျေးရွာများမှ မြို့ပေါ်ရှိပွဲရုံများနှင့် ဆီစက်များသို့လာရောက်ရောင်းချကြပါသည်။ ၂၀၂၂-၂၀၂၃ ခုနှစ်ဇွန်လတွင် မြေပဲဆီဆံတစ်တင်းလျှင် (၆၄၀၀၀)ကျပ်၊ မြေပဲလုံးဆံတစ်တင်း လျှင်(၆၈၈၀၀)ကျပ်၊ မျိုးမြေပဲတစ်တင်းလျှင်(၇၂၀၀၀) ကျပ်များဖြင့် ဈေးနှုန်းများရှိခဲ့ပြီး ယခုနှစ် ကာလတူလတွင် မြေပဲဆီဆံတစ်တင်းလျှင်(၁၀၄၀၀၀)ကျပ်၊ မြေပဲလုံးဆံ တစ်တင်းလျှင် (၁၀၈၀၀၀)ကျပ်၊ မျိုးမြေပဲတစ်တင်းလျှင် (၁၁၂၀၀၀)ကျပ်ဝန်းကျင်များဖြင့် အရောင်းအဝယ်ဖြစ်ပေါ် လျက်ရှိပါသည်။

     ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ကျောက်ပန်းတောင်းမြို့နယ်၏ မြေပဲတစ်ဧကစိုက်ပျိုးမှုကုန်ကျစရိတ် အနေဖြင့်(၄၅၇၀၀၀)ကျပ်ဝန်းကျင်ကျသင့်ပြီး တစ်ဧကပျမ်းမျှအထွက်တင်း(၄၂.၂၅)တင်းနှုန်း ထွက် ရှိခဲ့ပါသည်။ ပေါ်ချိန်တွင် မြေပဲတောင့်တစ်တင်းလျှင်(၁၈၀၀၀)ကျပ်နှုန်းရောင်းချခဲ့ရပြီး၊ တစ်ဧက ဝင်ငွေ(၇၆၀၅၀၀)ကျပ်ရရှိ၍ တောင်သူအကျိုးအမြတ်မှာ (၃၀၃၅၀၀)ကျပ်ရရှိပါသည်။ ဆောင်းမြေပဲ တစ်ဧက စိုက်ပျိုးမှုကုန်ကျစရိတ်မှာ (၄၅၇၀၀၀)ကျပ်ခန့်ကျသင့်ပြီး၊ တစ်ဧကလျှင်  ပျမ်းမျှအထွက် တင်း(၄၆)တင်းဝန်းကျင်ထွက်ရှိ၍ တစ်ဧကဝင်ငွေမှာ(၈၂၈၀၀၀)ကျပ်ရရှိပါသည်။ တစ်ဧကတောင်သူ အကျိုးအမြတ်အနေဖြင့် (၃၇၁၀၀၀)ကျပ်ရရှိပါသည်။ ဒေသတွင်းထွက်မြေပဲများကို ယခင်က အခြားဒေသများသို့ တင်ပို့ရောင်းချမှုများရှိခဲ့သော်လည်း ယခုအချိန်တွင် ပြည်ပသို့ ရောင်းချမှုနည်းပါးလာပြီး ဒေသတွင်း၌သာ ဆီကြိတ်ခွဲသုံးစွဲမှုများလာပါသည်။ တောင်သူအကျိုးအမြတ်ရရှိသော ဆီထွက်သီးနှံ မြေပဲကို ပိုမိုစိုက်ပျိုးပြီး ပြည်ပသို့ရောင်းချခြင်းမပြုပဲ ပြည်တွင်း၌သုံးစွဲခြင်း၊ ဆီကြိတ်ခွဲရောင်းချခြင်းများပြုလုပ်ပါက ဒေသတွင်းဆီစားသုံးမှုဖူလုံလာခြင်း၊ တိရစ္ဆာန်အစာများပေါများလာခြင်း၊ ဒေသတွင်းလုပ်သားများ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေခြင်းအပြင် ဘေးအန္တရာယ်ကင်းသော ဆီများစားသုံးရခြင်းကြောင့် ကျန်းမာရေးညီညွတ်ကောင်းမွန်လာစေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိလာစေသည့်အတွက် ဆီထွက်သီးနှံမြေပဲကို ပိုမိုတိုးချဲ့စိုက်ပျိုးသင့်ပါသည်။

DOCA(မန္တလေး)