Main menu

ကျောက်ပန်းတောင်းမြို့နယ်၏ နှမ်းစိုက်ပျိုးထွက်ရှိမှု၊ ဈေးနှုန်းဈေးကွက်နှင့် တောင်သူအကျိုးအမြတ်ရရှိမှု အခြေအနေ

Powered by Drupal

  မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ဆီထွက်သီးနှံဖြစ်သည့် နှမ်းကို မိုးနှမ်း၊ နွေနှမ်း၊ ဆောင်းနှမ်းဟူ၍ စိုက်ပျိုးလေ့ရှိရာ မိုးနှမ်းကိုအဓိကထားစိုက်ပျိုးကြပါသည်။ ကျောက်ပန်းဒေသအနေဖြင့် တောင်သူအများစုမှာ နှမ်းသီးနှံကို ပဲစင်းငုံသီးနှံနှင့်ရော၍ ကြားညှပ်စိုက်ပျိုးမှုမှာ ပိုမိုများပြားပါသည်။ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် မိုးနှမ်းစိုက်ပျိုးမှုမှာ(၁၂၉၇၀၃) ဧကစိုက်ပျိုးခဲ့ပြီး တစ်ဧကပျမ်းမျှအထွက်နှုန်းအနေဖြင့်(၃.၉၄)တင်းနှုန်းဖြင့် တင်းပေါင်း(၅၁၁၀၃၀) တင်း ထွက်ရှိခဲ့ပြီး၊ ဆောင်းနှမ်းစိုက်ဧကမှာ(၁၇၄)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး တစ်ဧကပျမ်းမျှအထွက်နှုန်းမှာ(၄.၆၉)တင်းနှုန်းဖြင့် အထွက်တင်းပေါင်း(၈၁၆)တင်း ထွက်ရှိခဲ့ကြောင်း သိရှိရပါသည်။ နွေနှမ်းများလည်း စိုက်ပျိုးပြီးဖြစ်ရာ(၁၈၉၇)ဧက စိုက်ပျိုးပြီးကြောင်း သိရှိရပါသည်။ ၂၀၂၃-၂၀၂၄ ခုနှစ်အတွက် မိုးနှမ်းကိုစိုက်ပျိုးရန်လျာထားမှုအနေဖြင့် (၁၂၁၁၅၁)ဧက လျာထားမှုရှိပြီး၊ ဇွန်လကုန်အထိစိုက်ပျိုး ပြီးစီးမှုမှာ(၁၃၃၆၀၂)ဧက စိုက်ပျိုးနိုင်ခဲ့ပြီးဖြစ်ပါသည်။ မိုးနှမ်းကို နှစ်စဉ်ဇွန်လမိုးဦးကျချိန်တွင် စတင်စိုက်ပျိုးကြပြီး ဩဂုတ်လ ပထမပတ်တွင် စတင်၍ လှိုင်လှိုင်ပေါ်မည်ဖြစ်ပါသည်။ နွေနှမ်းကို မတ်လနှင့်ဧပြီလတို့တွင် စိုက်ပျိုးကြပြီး ဇွန်လနှင့်ဇူလိုင်လများတွင် ထွက်ပေါ်လေ့ရှိကြောင်း သိရှိရပါသည်။

  အရောင်းအဝယ်ဖြစ်ပေါ်ခဲ့သောဈေးနှုန်းများမှာ ၂၀၂၂ခုနှစ်တွင် နှမ်းနီတစ်တင်းလျှင် (၃၇၀၀၀၊၃၈၀၀၀)ကျပ်ဝန်းကျင်၊ နှမ်းဖြူတစ်တင်းလျှင်(၄၅၀၀၀)ကျပ်ဖြင့် ဈေးဖွင့်ရောင်းဝယ်ခဲ့ပြီး ဧပြီလတွင် နှမ်းနီတစ်တင်းလျှင်(၅၀၀၀၀)ကျပ်ဝန်းကျင်၊ နှမ်းဖြူတစ်တင်းလျှင်(၅၃၀၀၀)ကျပ် ဝန်းကျင်ဖြင့် အရောင်းအဝယ်ရှိခဲ့ကြောင်း သိရှိရပါသည်။ ၂၀၂၃ ခုနှစ်တွင် နှမ်းနီတစ်တင်းလျှင် (၆၈၀၀၀၊၇၀၀၀၀)ကျပ်ဝန်းကျင်၊ နှမ်းဖြူတစ်တင်းလျှင်(၉၀၀၀၀)ကျပ်ဝန်းကျင်များဖြင့် ဈေးဖွင့်အရောင်းအဝယ်ပြုလုပ်ခဲ့ပြီး ယခုချိန်တွင် နှမ်းနီတစ်တင်း(၈၅၀၀၀)ကျပ်၊ နှမ်းဖြူတစ်တင်းလျှင် (၁၁၄၀၀၀)ကျပ်ဝန်းကျင်သို့ ဈေးနှုန်းများမြင့်တက်၍ အရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိပါသည်။

       ကျောက်ပန်းတောင်းမြို့နယ်တွင် မိုးနှမ်းစိုက်ဧက တစ်ဧကလျှင်ကုန်ကျစရိတ်အနေဖြင့် (၃၈၃၀၀၀)ကျပ်ဝန်းကျင် ကျသင့်ပြီး၊ တစ်ဧကပျမ်းမျှအထွက်နှုန်းမှာ (၆.၃၀)တင်းနှုန်းခန့်ထွက်ရှိ ကြောင်းသိရှိရပါသည်။ နှမ်းပေါ်ချိန်ရောင်းဈေးအနေဖြင့် တစ်တင်းလျှင်(၆၈၀၀၀)ကျပ်ဝန်းကျင်ဖြင့် ရောင်းချခဲ့ရ၍ တစ်ဧကဝင်ငွေမှာ(၄၂၈၄၀၀)ကျပ်ခန့်ရရှိပြီး တစ်ဧကတောင်သူအကျိုးအမြတ်မှာ (၄၅၄၀၀)ကျပ်ရရှိပါသည်။ ဒေသထွက်နှမ်းများကို မြို့ပေါ်ရှိ ပွဲရုံများ၊ ဆီစက်များသို့ လာရောက်ရောင်းချကြသလို တစ်ချို့တောင်သူများမှာ မိမိတို့ဝမ်းစာအတွက်ဆီကြိတ်ခွဲသိုလှောင်ပြီး သုံးစွဲမှုများလည်း များပြားလာပါသည်။ တောင်သူအကျိုးအမြတ်ရရှိသော ဆီထွက်သီးနှံဖြစ်သည့် နှမ်းသီးနှံကို ပိုမိုစိုက်ပျိုးပြီး ပြင်ပသို့ရောင်းချခြင်းမပြုပဲ ပြည်တွင်း၌သုံးစွဲခြင်း၊ ဆီကြိတ်ခွဲရောင်းချခြင်းများ ပြုလုပ်ပါက ဒေသတွင်းဆီစားသုံးမှု ဖူလုံလာခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်သောဆီများ စားသုံးရခြင်း၊ တိရစ္ဆာန်အစားအစာများပေါများလာပြီး မွေးမြူရေးလုပ်ငန်းများ တိုးတက်လာနိုင်ခြင်း၊ ဒေသတွင်းလုပ်သားများ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာစေနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိစေလာသည့်အတွက် ဆီထွက်သီးနှံဖြစ်သည့် နှမ်းသီးနှံကို ပိုမိုစိုက်ပျိုးသင့်ပါကြောင်း လေ့လာသိရှိရပါသည်။

DOCA(မန္တလေး)