Main menu

ဆင့်ပွားဈေးကွက်ဖြန့်ချိရေးလုပ်ငန်း (Multi Level Marketing-MLM)

Powered by Drupal

              နိုင်ငံတကာတွင် ကုန်ပစ္စည်းထုတ်လုပ်ရောင်းချသူများသည် မိမိတို့၏ ကုန်စည်များကို ဖြန့်ချိ ရောင်းချရာတွင် ဈေးကွက်ပုံစံအမျိုးမျိုး၊ နည်းလမ်းအသွယ်သွယ်ဖြင့် ဈေးကွက်ရှာဖွေမှုများ ပြုလုပ် လျက်ရှိပါသည်။ ဆင့်ပွားဈေးကွက်ဖြန့်ချိရေးလုပ်ငန်း (MLM)  ကျင့်သုံးမှုသည် ဖွံဖြိုးဆဲနိုင်ငံများ၌ ပိုမိုတွင်ကျယ်စွာ ဆောင်ရွက်လျက်ရှိပါသည်။ ဆင့်ပွားစျေးကွက်ရှာဖွေရောင်းချခြင်းဆိုသည်မှာ စီးပွားရေးလုပ်ငန်းရှင်သည် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို စားသုံးသူများထံသို့ ရောင်းချပြီး အကျိုးအမြတ်အား အဆင့်အလိုက် သတ်မှတ်၍ ခွဲဝေရယူခြင်းဖြစ်ပါသည်။ ထို့အပြင် ဆင့်ပွား ဈေးကွက်ဖြန့်ချိရေးလုပ်ငန်းကို ဆောင်ရွက်လိုသော မည်သူမဆို မဖြစ်မနေ လူသစ်စုဆောင်းရမည် ဖြစ်ပြီး လူသစ်စုဆောင်းနိုင်လေ အကျိုးအမြတ်များလေဖြစ်သည့်အတွက် MLM သည် ဈေးကွက် ဆိုင်ရာ နည်းဗျူဟာတစ်ခုဖြစ်ပြီး ကွန်ရက်သဖွယ်လူစုဆောင်း၍ အကျိုးအမြတ်များကို မျှဝေခံစား ခွင့်ရှိသည့် စနစ်ဖြစ်ပါသည်။ MLM ၏ရည်ရွယ်ချက်မှာ ဝယ်ယူသူထံသို့ ကုန်စည်စီးဆင်းရေး၊ ကုန်စည် အမြှောက်အမြား ရောင်းချနိုင်ရေးအတွက် ဆင့်ပွားရောင်းချသူများဖြင့် ကြီးမားသည့် Network တည်ဆောက်ခြင်းဖြစ်သည်။

              ဆင့်ပွားဈေးကွက်ဖြန့်ချိရေးလုပ်ငန်းသည် မြန်မာနိုင်ငံသို့ ၁၉၉၀ ပြည့်နှစ်အလွန်ကာလ များတွင် စတင်ဝင်ရောက်လာခဲ့ပြီး ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းတွင် ပိုမိုအားကောင်းလာခဲ့ပါသည်။ ဆင့်ပွားဈေးကွက်ဖြန့်ချိရေးလုပ်ငန်းအား လေ့လာစိစစ်ကြည့်ရာတွင် ဆင့်ပွားဈေးကွက်ဖြင့် ရောင်းချ သည့် ကုန်ပစ္စည်း၏တန်ဖိုးမှာ သင့်တင့်မျှတမှုမရှိဘဲ ဈေးနှုန်းကြီးမြှင့်ခြင်း၊ ကုန်စည်တွင် ပါဝင်ရမည့် အချက်လက်များကို အလွန်အကြူး ချဲ့ကားပြောဆိုရောင်းချခြင်း၊ ကုန်စည်ကို ဦးစားပေး ရောင်းချ ခြင်းမဟုတ်ဘဲ လူသစ်စုဆောင်းခြင်းမှ ရရှိသည့် ဝင်ငွေက ပိုမိုများပြားနေခြင်း၊ ရောင်းချမှုစနစ်အရ ပိရမစ်ပုံစံကဲ့သို့ အဆင့်များစွာ ရှိနေခြင်းတို့ကြောင့် စားသုံးသူများအပေါ် များစွာထိခိုက်မှုများ ရှိနေ ပါသည်။

              ထိုကဲ့သို့ စားသုံးသူပြည်သူများအပေါ် ထိခိုက်မှုများရှိလာသဖြင့် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနသည် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဉပဒေ ပုဒ်မ ၄(ဂ)အရ ဆင့်ပွား ဈေးကွက်ဖြန့်ချိရေးလုပ်ငန်း (Multi Level Marketing-MLM) ကို အရေးကြီးဝန်ဆောင်မှု လုပ်ငန်း အဖြစ် သတ်မှတ်၍ ဈေးကွက်အတွင်း ယင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းကို တားမြစ်ထားပြီး တားမြစ်ချက်များ ချိုးဖောက်ကြောင်း စုံစမ်းတွေ့ရှိရပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဉပဒေ ပုဒ်မ ၅ အရ အရေးယူခံရမည်ဖြစ်ကြောင်း အမိန့်ကြော်ငြာစာကို ၁၈-၉-၂၀၁၈ ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ်၊ ၄၆/၂၀၁၈ ဖြင့်ထုတ်ပြန်ခဲ့ပါသည်။

              တစ်ဖက်တွင်လည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာနက ဆင့်ပွားဈေးကွက်ဖြန့်ချိရေးလုပ်ငန်းကို ဥပဒေနှင့်အညီ ကြီးကြပ်ထိန်းကျောင်းနိုင်စေ ရန်၊ စားသုံးသူများအနေဖြင့်လည်း လိုအပ်သည့်ကုန်စည်များကို အခက်အခဲမရှိ ရွေးချယ်ဝယ်ယူနိုင် ရန်နှင့် Multi Level Marketing စနစ်အား တားမြစ်ခဲ့ခြင်းကြောင့် ရောင်းချသူများ (သို့မဟုတ်) တစ်ဆင့်ခံရောင်းချသူများအနေဖြင့် ကုန်စည်ရောင်းချရာတွင် တွေ့ကြုံနေရသည့် အခက်အခဲများကို ကျော်လွှားနိုင်ရန် ကုန်စည်ရောင်းချခြင်းများကို နည်းလမ်းတကျ ဆောင်ရွက်ရမည့် တိုက်ရိုက်ရောင်း ချခြင်းစနစ်အား အကောင်အထည်ဖော်ရန်အတွက် တိုက်ရိုက်ရောင်းချခြင်း ဥပဒေ (မူကြမ်း) ကို ရေးဆွဲလျက်ရှိပါသည်။